၂၀၁၉ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ လက်နက်ခဲယမ်းအမြောက်အမြား ဖမ်းမိတဲ့ ဖြစ်စဉ်က ဓာတ်ပုံတွေသာ ဖြစ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 26 နိုဝင်ဘာ 2021 အချိန် 06h34
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလတုန်းက ရန်ကုန်က ကျူးကျော်တဲတွေကို ရှင်းလင်းရာမှာ လက်နက်ခဲယမ်းတွေေ သိမ်းဆည်းရမိတယ်လို့ ပြောဆိုထားတဲ့ ဓာတ်ပုံနှစ်ပုံကို Facebook ပို့စ်တော်တော်များများမှာ မျှဝေခဲ့ကြပါတယ်။ အဲဒီအဆိုဟာ မှားယွင်းပါတယ်။ တကယ်တမ်း အဲဒီဓာတ်ပုံတွေဟာ ၂၀၁၉ ခုနှစ်က ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်က သိမ်းဆည်းခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုရဲ့ လက်နက်ခဲယမ်းတွေအကြောင်း သတင်းပေးပို့ချက်တွေမှာ ပါရှိတဲ့ ဓာတ်ပုံဟောင်းတွေ ဖြစ်ပါတယ်။

ဓာတ်ပုံတွေနဲ့အတူ “2018ကတည်းက ကျူးအိမ်များတွင်လစာပေး၍ သိမ်းဆည်းခိုင်ထားသော လက်နက်ခဲယမ်းများဖမ်းမိ 14/11/2021 (ရန်ကုန်)” (မူရင်းသတ်ပုံအတိုင်း) ဆိုပြီး နိုဝင်ဘာ ၁၄ ရက်နေ့က တင်ခဲ့တဲ့ပို့စ်မှာ ရေးသားထားပါတယ်။

“လှိုင်သာယာ အောင်ဇေယျ တံတားအောက်ကကျူးတွေ၊ ရွှေပြည်သာ ကျူးတွေ ၊ တညင်ကကျူးတွေအား ဖယ်ရှားရာမှ 2018 ခုကတည်းက လစာပေး၍ သိမ်းဆည်းခိုင်းထားသည့် လက်နက်ခဲယမ်းများ မြေကြီးအောက်မှာလုံခြုံစွာထုပ်ပိုးထားရာမှ တူးဖော်သိမ်းဆည်းရမိကြောင်းသိရှိရ။ Photo:crd Ba Mg” (မူရင်းသတ်ပုံအတိုင်း) လို့ ဆက်ရေးထားပါတယ်။

Image
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၆ ရက်က ရယူခဲ့တဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

ဓာတ်ပုံတွေကို တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ Facebook ရဲ့ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှာ ရန်ကုန်က ကျူးကျော်တဲတွေကို အာဏာပိုင်တွေက အင်အားသုံးမှုဖယ်ရှားမှုတွေေ ပြုလုပ်ခဲ့ကြောင်း ဒီသတင်း နဲ့ ဒီသတင်းတွေမှာ ဖော်ပြခဲ့ကြပါတယ်။ အဲဒီဖြစ်စဉ်တွေ နောက်ပိုင်းမှာ အခုလို ပြောဆိုမှုတွေ အွန်လိုင်းပေါ် ပျံ့နှံ့လာခဲ့တာပါ။ လွတ်လပ်တဲ့အာရှအသံ (RFA) ရဲ့ သတင်းတစ်ပုဒ်မှာတော့ ကျူးကျော်တဲတွေကို ဖယ်ရှားပေးဖို့ တပ်မတော်က ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကျူးကျော်တဲတွေကို ဖယ်ရှားပေးဖို့ တပ်မတော်က ညွှန်ကြားခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဒါပေမဲ့ ဓာတ်ပုံတွေဟာ ကျူးကျော်တဲတွေကနေ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတဲ့ပုံတွေဖြစ်တယ်ဆိုတဲ့ အဆိုက မှားယွင်းပါတယ်။

Google ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာတာ အပြင် အဓိကကျတဲ့စကားလုံး (Keywords) တွေ အသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါ တန်းစီထားတဲ့လက်နက်တွေနဲ့ ကင်မရာရိုက်ကူးသူတွေ ပါဝင်တဲ့ ပထမဓာတ်ပုံရဲ့ မြင်ကွင်းကို Democratic Voice of Burma (DVB) ရဲ့ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်က ဒီဗီဒီယိုသတင်းပေးပို့ချက်မှာ တွေ့ရပါတယ်။

ဗီဒီယိုရဲ့ အချိန် ၀၂:၀၂ မှာ အဲဒီမြင်ကွင်းကို မြင်တွေ့ရတာပါ။

DVB ရဲ့ သတင်းမှာ အောက်ပါအတိုင်း ဖော်ပြထားပါတယ်။

“TNLA အဖွဲ့ရဲ့ လေယာဉ်ပစ်ဒုံးလက်နက်နဲ့ လက်နက်ခဲယမ်း အမြောက်အများကို နမ့်ဆန်မြို့နယ် ဟိုမိန်းကျေးရွာအနီးမှာ နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေတဲ့ တပ်မတော်စစ်ကြောင်းက သိမ်းဆည်း ရမိခဲ့ပါတယ်။ #DVBTV #PTT #TNLA #FN6”

TNLA ကတော့ တအာင်းတအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ရဲ့ အတိုကောက်ဖြစ်ပါတယ်။

ဟိုမိန်းရွာဟာ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်မြို့နယ်ထဲ တည်ရှိပြီး ရန်ကုန်ကနေ အရှေ့မြောက် ကီလိုမီတာ ၁,၀၀၀ ကျော် ဝေးတဲ့နေရာ ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ DVB ဗီဒီယိုသတင်းမှာပါဝင်တဲ့မြင်ကွင်း (ညာ)တို့ကို အနီရောင်အမှတ်အသားတွေနဲ့ နှိုင်းယှဥ်ပြထားတဲ့ Screenshot ကို အောက်မှာ တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ DVB ဗီဒီယိုသတင်းမှာပါဝင်တဲ့မြင်ကွင်း (ညာ)တို့ကို အနီရောင်အမှတ်အသားတွေနဲ့ နှိုင်းယှဥ်ပြထားတဲ့ Screenshot

အဓိကကျတဲ့စကားလုံးတွေ အသုံးပြုပြီး Google ပေါ် ရှာဖွေကြည့်တဲ့အခါ ဒုတိယဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာ ၂၄ ရက်မှာ မြန်မာတပ်မတော်က ထုတ်ပြန်ခဲ့တဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရမိမှုထုတ်ပြန်ချက်ထဲက ဓာတ်ပုံနဲ့ ကိုက်ညီနေတာ တွေ့ရပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကဒုတိယဓာတ်ပုံနဲ့ကိုက်ညီတဲ့ မြင်ကွင်းတွေဖြစ်တဲ့ တန်းစီထားတဲ့သေနတ်တွေ၊ ကျည်ကဒ်တွေနဲ့ အိတ်အဖြူပေါ်က နဂါးအမှတ်တံဆိပ်ကို တပ်မတော်ရဲ့ထုတ်ပြန်ချက်ထဲကပုံမှာ တွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ ပို့စ်က ဒုတိယဓာတ်ပုံ (ဘယ်) နဲ့ တပ်မတော်ထုတ်ပြန်ချက်ထဲက ဓာတ်ပုံ (ညာ)တို့ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot ကို အောက်မှာ တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ပို့စ်က ဒုတိယဓာတ်ပုံ (ဘယ်) နဲ့ တပ်မတော်ထုတ်ပြန်ချက်ထဲက ဓာတ်ပုံ (ညာ)တို့ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်