ဒီဓာတ်ပုံဟာ ၂၀၁၆ ရုရှား-မွန်ဂိုးလျားပူးတွဲစစ်ရေးလေ့ကျင့်တုန်းကပျံ့နှံ့ခဲ့တာဖြစ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 13 ဇန်နဝါရီ 2022 အချိန် 12h59
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
ကယားပြည်နယ်မှာ တပ်မတော်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေချိန်မှာ ကယားပြည်ကပုံလို့ဆိုထားတဲ့ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ ပြန်လည်မျှဝေခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ၊ တပ်မတော်အာဏာရယူခဲ့ချိန်ကစလို့ ကယားပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ စာသားနဲ့အတူဖော်ပြထားတဲ့ဓာတ်ပုံဟာ မှားယွင်းနေပြီး တကယ်တော့ဒီဓာတ်ပုံကို ၂၀၁၆ ခုနှစ် ဆိုက်ဘေးရီးယား၊ Buryatia ဒေသမှာ ရုရှားနဲ့မွန်ဂိုးလျားပူးတွဲစစ်ရေးလေ့ကျင့်တဲ့အကြောင်း သတင်းတွေမှာ တွေ့မြင်ရပါတယ်။

နားလည်မှုလွဲစေတဲ့ဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က Facebook ပို့စ်တစ်ခုမှာ ဖော်ပြပါစာသားတွေနဲ့အတူ တင်ထားတာဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်က ရယူထားတဲ့ screenshot ( Si Thu TUN)

“ဒါက ငါတို့ Loikaw မြို့
မင်းတို့မြို့မဟုတ်ဘူး ကျော်သွားနော
#kayahstate” (မူရင်းသတ်ပုံအတိုင်း)

ဇန်နဝါရီလ ၆ ရက်က လွိုင်ကော်မြို့မှာ မြန်မာတပ်မတော်နဲ့ အာဏာသိမ်းဆန့်ကျင်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး တပ်မတော်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လူထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဧရာ၀တီသတင်းတစ်ပုဒ်ရဲ့ ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက တပ်မတော်အာဏာရယူပြီး အရပ်သားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ဖြုတ်ချခဲ့တဲ့နောက်ပိုင်းကစလို့ မြန်မာနိုင်ငံမှာ မငြိမ်မသက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို အလားတူပြောဆိုမှုတွေနဲ့အတူ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ် တွေမှာလည်းတင်ထားပါသေးတယ်။

ဒါပေမဲ့ ပို့စ်တွေထဲမှာပါဝင်တဲ့ဓာတ်ပုံကတော့ ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ သက်ဆိုင်မှုမရှိပါဘဲ မြန်မာနိုင်ငံမှာ တပ်မတော်အာဏာမရယူခင် လွန်ခဲ့တဲ့ ငါးနှစ်လောက်ကတည်းက ပျံ့နှံ့နေတာဖြစ်ပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါအဲဒီဓာတ်ပုံကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်က ရုရှားဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ infpol ရဲ့သတင်းတစ်ပုဒ်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ရုရှား-မွန်ဂိုးလျားအကြီးစားစစ်ရေးလေ့ကျင့်မှု Buryatia တွင်စတင်”

သတင်းပါစာသားတချို့ကတော့ အခုလိုပါ။ “Selenga-2016 ဟုအမည်ရသည့် ရုရှား-မွန်ဂိုးလျားပူးတွဲစစ်ရေးလေ့ကျင့်မှုကို Buryatia ဒေသရှိ အရှေ့ပိုင်းစစ်ခရိုင် Burduny လေ့ကျင့်ရေးစခန်းတွင် စတင်ခဲ့ကြောင်း အဆိုပါဒေသရှိ သတင်းဌာနတစ်ခုက အင်္ဂါနေ့တွင် ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၇ ရက်တွင် စစ်ရေးလေ့ကျင့်မှုများပြီးဆုံးမည်ဖြစ်ကြောင်း အဆိုပါသတင်းတွင်ပါရှိသည်။”

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်တွေပါဓာတ်ပုံနဲ့ ၂၀၁၆ က infpol သတင်းပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ်တွေပါဓာတ်ပုံနဲ့ ၂၀၁၆ က infpol သတင်းပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

တခြားရုရှားသတင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ FlashSiberia မှာလည်း အဲဒီဓာတ်ပုံကို ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့က ဖော်ပြထားတာတွေ့ရပါတယ်။

သတင်းထဲက ဒီလင့်ခ်မှာလည်း ရုရှားမီဒီယာတစ်ခုဖြစ်တဲ့ TASS ဆီကနေ သတင်းအချက်အလက်တွေရယူထားတာဖြစ်တယ်ဆိုပြီး ကိုးကားဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ပဋိပက္ခတွေနဲ့ပတ်သက်ပြီး ဓာတ်ပုံမှားတွေအသုံးပြုထားတဲ့ပို့စ်ပေါင်းများစွာကို AFP က အချက်အလက်စိစစ်ခဲ့ပြီး အဲဒီထဲက တချို့ကို ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ တွေ့နိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်