အင်ဒိုနီးရှားလေယာဉ်မတော်တဆမှုလို့ ပြောဆိုထားတဲ့ ဗီဒီယိုတွေကို မြန်မာ Facebook အသုံးပြုသူတွေ မှားယွင်းဖော်ပြ

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 17 ဇန်နဝါရီ 2022 အချိန် 09h53
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
အင်ဒိုနီးရှားလေယာဥ်မတော်တဆမှုလို့ ပြောဆိုထားတဲ့ ဗီဒီယိုနှစ်ခုကို မြန်မာနိုင်ငံက Facebook အသုံးပြုသူတွေကြားမှာ မျှဝေနေကြပါတယ်။ ခရီးသည်တင်လေယာဥ်တစ်စင်း ခက်ခက်ခဲခဲဆင်းသက်နေတဲ့ပုံကို ဗီဒီယိုပထမပိုင်းမှာတွေ့ရပြီး ဒုတိယပိုင်းမှာတော့ အရေးပေါ်ထွက်ပေါက်တွေကနေ ထွက်ခွာနေတဲ့ လေယာဥ်ပေါ်ကခရီးသည်တွေကို တွေ့ရပါတယ်။။ ဒါပေမဲ့ ဒီဗီဒီယိုက အင်ဒိုနီးရှားလေယာဥ်မတော်တဆဖြစ်မှုကိုပြတယ်ဆိုတာ မှားယွင်းပါတယ်။ ဒီဗီဒီယိုပထမပိုင်းမှာတွေ့ရတဲ့ပုံရိပ်တွေက ကွန်ပျူတာနဲ့ဖန်တီးထားတာဖြစ်ပြီး ဒုတိယပိုင်းဗီဒီယိုကတော့ မကြာသေးခင်က အီရန်နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ လေယာဥ်မတော်တဆမှုကဖြစ်နေတာကို AFP က တွေ့ရှိခဲ့ပါတယ်။

အဲဒီဗီဒီယိုတွေကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ Facebook ပေါ်က ဒီလင့်ခ်မှာမျှဝေထားပြီး ကြည့်ရှုတဲ့အကြိမ်ပေါင်းသန်းနဲ့ချီရှိနေပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၈၉၀၀ကျော် ရှိနေပါတယ်။

ဒီဗီဒီယိုနဲ့အတူ “အင်ဒိုနီးရှားလေယာဥ်မတော်တဆမှုဖြစ်ပွား” (မူရင်းသတ်ပုံအတိုင်း) ဆိုတဲ့စာသားကိုလည်း တွေ့ရပါတယ်။

Image
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့ကရယူခဲ့တဲ့ နားလည်မှုလွဲစေတဲ့ပို့စ် Screenshot

Facebook အသုံးပြုသူအတော်များများက ဒီဗီဒီယိုကအဖြစ်အပျက်တွေက အင်ဒိုနီးရှားမှာဖြစ်ပွားခဲ့တယ်လို့ ထင်မြင်နေကြပြီး “အားလုံးဘေးကင်းကြပါစေ” “ဘုရားဘုရားဘာမှလူတွေမဖြစ်ပါစေနဲ့” ဆိုတဲ့မှတ်ချက်တွေကိုလည်း ပို့စ်အောက်မှာတွေ့ရပါတယ်။

တူညီတဲ့ပြောဆိုမှုတွေနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေကလည်း ပြန်လည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာမှားယွင်းပါတယ်။

ကွန်ပျူတာနဲ့ဖန်တီးထားတဲ့ ဒီဗီဒီယိုကပုံရိပ်တွေကို အီရန်နိုင်ငံမှာ အမှန်တကယ်ဖြစ်ပွားခဲ့တဲ့ လေယာဉ်မတော်တဆမှု အရေးပေါ်ကယ်ဆယ်ရေးလုပ်နေတဲ့ဖြစ်စဉ်က နောက်ထပ်ဗီဒီယိုတစ်ခုနဲ့ ပေါင်းစပ်ထားတာ ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံပိုင် Garuda Indonesia လေကြောင်းလိုင်းရဲ့ လေယာဥ်တစ်စီး မတော်တဆဖြစ်တဲ့ ဗီဒီယိုတွေလို လုပ်ကြံပြောဆိုထားတာဖြစ်ပါတယ်။

ဒ့ါအပြင် ဒီရက်ပိုင်းမှာ Garuda Indonesia လေယာဥ်မတော်တဆဖြစ်ပွားခဲ့တယ်ဆိုတဲ့ ခိုင်လုံတဲ့သတင်းတွေကိုလည်း မတွေ့ရပါဘူး။

ကွန်ပျူတာဖန်တီးချက်

အဓိကကျတဲ့စကားလုံးတွေနဲ့ Google မှာအချက်အလက်ရှာဖွေကြည့်တဲ့အခါ ပထမဗီဒီယိုကို YouTube ဒီလင့်ခ်မှာဖော်ပြထားတာတွေ့ရပါတယ်။

“အရက်မူးနေတဲ့လေယာဥ်မှူးမောင်းနှင်တဲ့ အရမ်းကြောက်မက်ဖွယ်ရာ လေယာဥ်အရေးပေါ်ဆင်းသက်မှု၊ X လေယာဥ် ၁၁” ဆိုတဲ့ခေါင်းစဥ်နဲ့ ဗီဒီယိုရဲ့ ၅ မိနစ် ၄၄ စက္ကန့်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကပုံရိပ်တွေနဲ့ တထပ်တည်းကျတဲ့ပုံရိပ်တွေကို တွေ့နိုင်ပါတယ်။

ဒီဗီဒီယိုကို ကွန်ပျူတာဖန်တီးမှုဗီဒီယိုတွေကိုတင်လေ့ရှိတဲ့ Bopbibun ဆိုတဲ့နာမည်နဲ့ YouTube အကောင့်က ၂၀၂၀ ခုနှစ်၊ မေလ ၂ ရက်နေ့မှာ မျှဝေထားပါတယ်။

“ဒီဗီဒီယိုက လေယာဥ်လေ့ကျင့်ပျံသန်းဖို့ဖန်တီးထားတဲ့ပုံရိပ်ယောင်ဖြစ်ပါတယ်။ အမှန်တကယ်မဟုတ်ပါဘူး။ ဒီဗီဒီယိုထဲမှာ ဖြစ်ပျက်နေတဲ့အရာအားလုံးဟာ အပြင်မှာအမှန်တကယ်ဖြစ်တဲ့အရာမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ်စိန်ခေါ်ချင်လို့ ခက်ခဲတဲ့လေယာဥ်ဆင်းသက်မှုပုံစံဖန်တီးထားတာပါ။” ဆိုပြီး စာသားကိုလည်း ဗီဒီယိုနဲ့အတူတွေ့ရပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot (ဘယ်) နဲ့ ကွန်ပျူတာဖန်တီးမှုဗီဒီယိုရဲ့ Screenshot (ညာ)

AFP က Yandex နဲ့ ဓာတ်ပုံရာဇဝင်ရှာဖွေကြည့်တဲ့အခါ ဒုတိယဗီဒီယိုကို Iranian Caspian လေကြောင်းလိုင်းက လေယာဥ်တစ်စီး Isfahan လေဆိပ်မှာ မတော်တဆဖြစ်ပွားခဲ့တာကိုမျှဝေထားတဲ့ Tweet တစ်ခုမှာတွေ့ရပါတယ်။

ဒီ Tweet ရဲ့စာသားကို အောက်မှာတွေ့နိုင်ပါတယ်။

“Isfahan လေဆိပ်အတွင်း မတော်တဆဖြစ်ပွားမှု
#Mashhad မှ #Isfahan သို့ပျံသန်းမည့် Caspian လေကြောင်းမှ လေယာဥ်နံပါတ် ၇၃၇ သည် Isfahan လေဆိပ်တွင်ရပ်နားနေစဥ် လေယာဥ်ဘီးချို့ယွင်းမှုကြောင့် လေယာဥ်ပေါ်ရှိခရီးသည်များအား လေယာဥ်ပြေးလမ်းမှ ကယ်ဆယ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ခရီးတစ်ဦးတစ်ယောက်မျှထိခိုက်ဒဏ်ရာရှိမှုမရှိခဲ့ပါ။”

Tehran အခြေဆိုက်ဖြစ်တဲ့ ပုဂ္ဂလိကလေကြောင်းလိုင်းရဲ့ အမှတ်တံဆိပ်ကို ဒီTweet မှာ သေသေချာချာမတွေ့ရပေမယ့် အခြားနေရာကနေ ဒီဖြစ်ရပ်ကိုရိုက်ကူးထားတဲ့ ဗီဒီယိုမှာတော့ လေကြောင်းလိုင်းရဲ့ အမှတ်တံဆိပ်၊ အာရပ်ဘာသာနဲ့နာမည်နဲ့ အီရန်နိုင်ငံရဲ့အလံကို လေယာဥ်ကိုယ်ထည်မှာ တွေ့နိုင်ပါတယ်။

လေကြောင်းဆိုင်ရာသတင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Airliner Watch က Caspian လေကြောင်းပိုင် မှတ်ပုံတင်နံပါတ် EP-CAP ဖြစ်တဲ့ Boeing 737-400 တစ်စင်းဟာ Isfahan လေဆိပ်မှာဆင်းသက်ရာကနေ ဂီယာချို့ယွင်းမှုဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားခဲ့ပါတယ်။

ဒီမတော်တဆမှုဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့မှာ ဖြစ်ပွားခဲ့ပြီး အီရန်နိုင်ငံမှာရှိတဲ့ Mashhad မြို့ကနေ Isfahan မြို့ကိုပျံ့သန်းမယ့်ခရီးစဥ်အတွင်းဖြစ်ပွားခဲ့တယ်လို့ အီရန်အခြေဆိုက် Parto သတင်းဌာနကဖော်ပြထားပါတယ်။

“ဒီဖြစ်စဥ်ကြောင့်လေယာဥ်လမ်းချော်မှုဖြစ်ပွားခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပါဘူး”လို့ လေကြောင်းဆိုင်ရာအရာရှိတစ်ဦးက Parto ကိုပြောခဲ့ပါတယ်။

ဒီဗီဒီယိုကို AFP က ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း အချက်အလက်စိစစ်ဖော်ပြခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်