“တော်လှန်ရေးထဲပါဝင်လာပြီ”ဆိုပြီး MMA ကစားသမားအောင်လအင်န်ဆန်ရဲ့ဓာတ်ပုံ မှားယွင်းပျံ့နှံ့
ဘက်စုံကိုယ်ခံပညာသုံးအားကစားသမားဖြစ်တဲ့ အောင်လအင်န်ဆန်ရဲ့ သေနတ်တစ်လက်ကိုင်ထားတဲ့ ဓာတ်ပုံတစ်ပုံကို မြန်မာနိုင်ငံရဲ့လက်နက်ကိုင်တော်လှန်ရေးထဲပါဝင်လာသယောင် အရေးအသားတွေနဲ့ Facebook မှာ မျှဝေနေကြပါတယ်။ စစ်အစိုးရက မြန်မာနိုင်ငံမှာရှိတဲ့ နာမည်ကြီးအနုပညာရှင်အတော်များများကို ဝရမ်းထုတ်ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တဲ့နောက်မှာ ဒီဓာတ်ပုံကို အွန်လိုင်းပေါ်မှာ တွေ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံက မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု မဖြစ်ခင် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လက အမေရိကန်နိုင်ငံ၊ လာ့စ်ဗီးဂတ်စ်မှာ အပျော်တမ်းသေနတ်ပစ်လေ့ကျင့်ခဲ့တာကို အောင်လအင်န်ဆန်ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြထားတာတွေ့ရပါတယ်။
MMA တိုက်ခိုက်ရေးသမားဖြစ်သူ မြန်မာ့စပါးအုံး (Burmese Python) လို့လူသိများတဲ့ အောင်လအင်န်ဆန်ရဲ့ ဓာတ်ပုံကို Facebook ဒီလင့်ခ်က ဖော်ပြထားပါတယ်။
ဒီဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်မှာဖော်ပြထားပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၁၄၀ ကျော်ရှိနေပါတယ်။
ဒီဓာတ်ပုံနဲ့အတူ စာသားကိုလည်းအောက်မှာတွေ့နိုင်ပါတယ်။
“ကျွန်တော်တို့ရဲ့
MMAဖိုက်တာကြီး
အောင်လအန်ဆန်း
နွေးဦးတော်လှန်ရေးသို့ ပါဝင်လာပြီ” (မူရင်းသတ်ပုံအတိုင်း)

မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ဖမ်းဆီးပြီး စစ်တပ်အာဏာသိမ်းယူခဲ့တဲ့နောက် မတည်မငြိမ်မှုတွေဆက်တိုက်ရှိနေခဲ့ပါတယ်။
အာဏာသိမ်းယူပြီး သိပ်မကြာခင်မှာပဲ စစ်တပ်က နာမည်ကြီးအနုပညာရှင် ၁၂၀ ခန့်ကို ဖမ်းဝရမ်းထုတ်ပြန်ခဲ့ပါတယ်။ ဒီအကြောင်းအရာကို AFP က ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။
ဒီပို့စ်တွေမှာတွေ့ရတဲ့ မှတ်ချက်တွေကိုကြည့်ရင် ဒီဓာတ်ပုံကြောင့် အထင်အမြင်လွဲမှားမှုတွေရှိနေတာကို တွေ့ရပါတယ်။
“လေးစားပါတယ် စခဒေကို နှိမ်နင်းပြစ်ဖို့ ကိုအောင်လပါ၀င်လာခြင်းသည်အင်အားကြီးတစ်ခုဖြစ်ခဲ့ပြီ တရားမျှတမှုကိုလိုလားတဲ့ပြည်သူတိုင်း စခ ဒေကိုချေမှုန်းကြသည်ပေါ့” (မူရင်းသတ်ပုံအတိုင်း) ဆိုပြီးပို့စ်တစ်ခုက မှတ်ချက်ပေးထားတာတွေ့ရပါတယ်။
ဒါပေမဲ့ ဒီဓာတ်ပုံကို နားလည်မှုလွဲစေတဲ့အချက်အလက်တွေနဲ့မျှဝေထားတာဖြစ်ပါတယ်။
Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ ဒီဓာတ်ပုံကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှာ အောင်လရဲ့ Facebook စာမျက်နှာမှာဖော်ပြထားတာတွေ့ရပါတယ်။
အောင်လအင်န်ဆန်ဟာ အမေရိကန်မှာနေထိုင်နေတဲ့ သူ့ရဲ့မိတ်ဆွေတွေနဲ့ မိသားစုဘ၀အကြောင်းအရာတွေကို သူရဲ့လူမှုကွန်ရက်စာမျက်နှာတွေမှာ ပုံမှန်ဖော်ပြလေ့ရှိပါတယ်။
ဓာတ်ပုံရဲ့စာသားမှာတော့ “ကျွန်တော့်သူငယ်ချင်းရဲ့ UFC ထိုးပွဲနဲ့ MMA ဆုပေးပွဲအတွက် လာစ့်ဗီးဂတ်စ်မှာရောက်ရှိနေပါတယ်။ အားလပ်ချိန်တွေရှိနေတာနဲ့ သဲကန္တာရထဲမှာ သေနတ်သွားပစ်ခဲ့ပါတယ်။”ဆိုပြီးရေးသားထားပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ပိုစ့်ကဓာတ်ပုံ (ဘယ်)နဲ့ အောင်လအင်န်ဆန်ရဲ့ Facebook ပေါ်ကဓာတ်ပုံ (ညာ) ကိုနှိုင်းယှဥ်ထားတာတွေ့နိုင်ပါတယ်။

အောင်လအင်န်ဆန်ဟာ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာနဲ့ အင်တာဗျူးတွေမှာ မြန်မာနိုင်ငံရဲ့ စစ်တပ်အာဏာသိမ်းယူမှုကိုဆန့်ကျင်ပြောကြားခဲ့တာတွေရှိပေမယ့် လက်နက်ကိုင်ဆန့်ကျင်ရေးတပ်ဖွဲ့တွေမှာ ပါဝင်လာတယ်ဆိုတာကိုတော့ သတင်းတွေမှာဖော်ပြထားတာမရှိပါဘူး။
ဒါ့အပြင် ဒီလပိုင်းတွေမှာ သူဟာနိုင်ငံခြားမှာအခြေစိုက်နေထိုင်အလုပ်လုပ်ကိုင်နေတယ်ဆိုတဲ့ သက်သေအထောက်အထားတွေကိုလည်း AFP ကတွေ့ရှိထားပါတယ်။
သူဟာ ၂၀၂၁ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့က စင်ကာပူနိုင်ငံမှာ ဘရာဇီးနိုင်ငံသားဖြစ်သူ Leandro Ataides နဲ့ထိုးကြိတ်ယှဥ်ပြိုင်ခဲ့ပါတယ်။
ဒီပြိုင်ပွဲကို YouTube မှာပြန်လည်တင်ပြထားပါတယ်။
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလထဲမှာလည်း အမေရိကန်အခြေစိုက် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Seeds of Change ရဲ့ ရန်ပုံငွေပွဲကို တက်ရောက်အားပေးခဲ့ပါတယ်။
အောင်လအင်န်ဆန်ဟာ ဒီလာမယ့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ရုရှားတိုက်ခိုက်ရေးသမား Vitaly Bigdash နဲ့ ယှဥ်ပြိုင်ထိုးကြိတ်ဖို့ ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ ဟောင်ကောင်အခြေဆိုက် South China Morning Post က ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။