ဒီဓာတ်ပုံတွေဟာ ဗီယက်နမ်နိုင်ငံကသတင်းတွေမှာပျံ့နှံ့နေတာဖြစ်ပြီး မြန်မာနိုင်ငံကမဟုတ်

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

တပ်မတော်တင့်ကားတွေကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တဲ့သူလို့ဆိုထားပြီး အမျိုးသားတစ်ဦးနဲ့ တင့်ကားပုံတွေပါဝင်တဲ့ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ နားလည်မှုလွဲစေနိုင်ပြီး အမျိုးသားပုံဟာ ၂၀၂၁ ခုနှစ်ကတည်းက သတင်းတွေမှာပါဝင်တဲ့ ဗီယက်နမ်အမျိုးသားတစ်ဦးရဲ့ပုံဖြစ်ပြီး ကလေးငယ်တစ်ဦးကို ရိုက်နှက်မှုကြောင့် ဖမ်းဆီးခံရသူဖြစ်ပါတယ်။ တင့်ကားတွေမီးလောင်နေတဲ့ပုံရိပ်ကတော့ ၁၉၆၅ ခုနှစ်အတွင်း ဗီယက်နမ်စစ်ပွဲကာလ အမေရိကန်စစ်ဆင်ရေးတစ်ခုအကြောင်း ရေးသားထားတဲ့သတင်းတွေကဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ဓာတ်ပုံကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့က တင်ထားပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၅၀၀ ကျော် ရှိခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်က ရယူထားတဲ့ screenshot ( Si Thu TUN)

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တပ်မတော်ကဖြုတ်ချခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ မငြိမ်မသက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ပို့စ်ထဲမှာ PDF အဖွဲ့ဝင် ဗိုလ်ဂဠုန်ဆိုသူက ဒီပဲယင်းနဲ့ဘုတလင်ကြား တပ်မတော်တင့်ကားတွေကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ပါရှိပါတယ်။

ပို့စ်ပါစာသားတချို့က အခုလိုဖြစ်ပါတယ်။

“ဒီပဲယင်းနဲ့ ဘုတလင်ကြားက မောင်းထောင် ဘက်မှာ PDF တွေကို လာတိုက်တဲ့ အကြမ်းဖက်သောင်းကျန်းသူ သူပုန်မအလ တင့်ကားတွေဆီ မကြောက်မရွံ့နဲ့ အသေခံဗုံးခွဲပေးခဲ့တဲ့ မောင်းထောင်သား ဗိုလ်ဂဠုန်ပါ လေးစားဖွယ် သူရဲကောင်းအဖြစ် မှတ်တမ်းတင်ပါတယ်။” (မူရင်းသတ်ပုံ)

ဒီပဲယင်းနဲ့ဘုတလင်မြို့နယ်ကြားမှာ မကြာသေးခင်က အသေခံဗုံးခွဲတိုက်ခိုက်မှုရှိခဲ့တယ်ဆိုတဲ့ တရားဝင်သတင်းထုတ်ပြန်ချက်မျိုး မတွေ့ရှိရသေးပါဘူး။

တူညီတဲ့ဓာတ်ပုံတွေကို အလားတူပြောဆိုမှုတွေနဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီပို့စ်တွေဟာ နားလည်မှုလွဲစေပါတယ်။

တင့်ကားဓာတ်ပုံ

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ တင့်ကားမီးလောင်နေတဲ့ဓာတ်ပုံတွေကို ဗီယက်နမ်ဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ ChienTruongVietNam.com ဆိုတဲ့ဝဘ်ဆိုက် ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။

ဗီယက်နမ်ဘာသာစကားနဲ့ရေးထားတဲ့သတင်းခေါင်းစဉ်က အခုလိုပါ။ “Van Tuong တိုက်ပွဲ၊ စတားလိုက်စစ်ဆင်ရေး”

ပုံအညွှန်းစာကတော့ အခုလိုဖြစ်ပါတယ်။ “Van Tuong တိုက်ပွဲတွင် အမေရိကန်တင့်ကားများ တိုက်ခိုက်နေကြစဉ်။”

စာပိုဒ်ပါ စာသားအချို့က အခုလိုဖြစ်ပါတယ်။ “Van Tuong တိုက်ပွဲ၊ ၁၉၆၅ ခုနှစ်၊ စတားလိုက်စစ်ဆင်ရေးသည် ဗီယက်နမ်စစ်ပွဲကာလအတွင်း အမေရိကန်တပ်ဖွဲ့ဝင်များ၏ ရှာဖွေသုတ်သင်ရေး စစ်ဆင်ရေးတစ်ခုဖြစ်သည်။”

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ဓာတ်ပုံ (ဘယ်) နဲ့ Chien TruongVietNam.com ကဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ Facebook ဓာတ်ပုံ (ဘယ်) နဲ့ Chien TruongVietNam.com ကဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

အလားတူဓာတ်ပုံကို ဓာတ်ပုံအေဂျင်စီတစ်ခုဖြစ်တဲ့ Getty Images ရဲ့ ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။

ဓာတ်ပုံအညွှန်းစာက အခုလိုဖြစ်ပါတယ်။

“မြင်ကွင်းကျယ်ဓာတ်ပုံ၊ ကွင်းပြင်၊ စစ်သုံးယာဉ်များအတွင်း စစ်သားများက တောစပ်တစ်နေရာတွင် မီးလောင်ပေါက်ကွဲမှုနှင့် မီးခိုးများကို ကြည့်ရှုနေစဉ်။ ဗီယက်နမ်၊ ၁၉၆၅။ (ဓာတ်ပုံ - Stuart Lutz/Gado/Getty Images)”

အနိုင်ကျင့်နှိပ်စက်မှု

နောက်ထပ် ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အလားတူအမျိုးသားရဲ့ပုံကို ဗီယက်နမ်သတင်းဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ VN EXPRESS ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့က တင်ထားတာ တွေ့ရပါတယ်။

သတင်းခေါင်းစဉ်က အခုလိုပါ။ “ဗီယက်နမ်တောင်ပိုင်းတွင် ငါးနှစ်အရွယ်ကလေးငယ်ကို အနိုင်ကျင့်နှိပ်စက်သည့်အမျိုးသားအား ဖမ်းဆီး”

ပုံအညွှန်းက အခုလိုဖြစ်ပါတယ်။ “ကလေးငယ်တစ်ဦးအား ရိုက်နှက်ခဲ့သည့် Nguyen Hoai Nam ဆိုသူမှာ ယခုအခါ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းခံနေရပြီဖြစ်သည်။ ကလေးငယ်တစ်ဦးအား ရိုက်နှက်နေသည့် ၎င်း၏ဗီဒီယိုမှာ အွန်လိုင်းပေါ် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၅ ရက်။ ဓာတ်ပုံ - VnExpress/Yen Khanh”

အောက်မှာ နားလည်မှုလွဲစေတဲ့ဓာတ်ပုံ (ဘယ်) နဲ့ VN EXPRESS မှာတင်ထားတဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ဓာတ်ပုံ (ဘယ်) နဲ့ VN EXPRESS မှာတင်ထားတဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

Google မှာ အဓိကကျတဲ့စကားလုံးတွေသုံးပြီး ထပ်မံရှာဖွေကြည့်တဲ့အခါ ငါးနှစ်သားအရွယ်ကလေးငယ်ကို အမျိုးသားတစ်ဦးက ရိုက်နှက်ခဲ့တယ်ဆိုတဲ့အကြောင်း အခြားဗီယက်နမ်ပြည်တွင်းမီဒီယာတစ်ခုရဲ့ ဒီလင့်ခ်မှာ လည်း ဖော်ပြထားတာ တွေ့ရပါတယ်။

Myanmar military coup