ဒီဓာတ်ပုံဟာ ၂၀၀၁ ခုနှစ်က စစ်ရေးလေ့ကျင့်နေတဲ့ ဘူဂေးရီးယန်းလေယာဥ်သာဖြစ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 12 ဇန်နဝါရီ 2022 အချိန် 11h35
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက အာဏာသိမ်းဆန့်ကျင်တော်လှန်ရေးတပ်ဖွဲ့တွေပစ်ချခဲ့တဲ့ မြန်မာ့စစ်တပ်လေယာဥ်လို့ပြောဆိုထားတဲ့ ဓာတ်ပုံတစ်ပုံကို လူမှုစာမျက်နှာအတော်များများမှာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာမှားယွင်းပါတယ်။ ဒီဓာတ်ပုံဟာ တကယ်တော့ ၂၀၀၁ခုနှစ်က ဘူဂေးရီးယားနိုင်ငံက စစ်ရေးလေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ခဲ့တဲ့ တိုက်လေယာဥ်တစ်စီးရဲ့ ပုံဖြစ်ပါတယ်။

ဒီဓာတ်ပုံကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က Facebook ရဲ့ ဒီလင့်ခ်မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှုအကြိမ်ရေ ၁၇၀ ကျော်ရှိနေပါတယ်။

“ယနေ့ညပိုင်း 8:00 PM အချိန်က စကစတပ်မှ ဝင်ရောက်ပစ်ခတ်သော ရဟတ်ယာဉ်တစီးကို KNDF မှ ပစ်ခတ်ခဲ့ရာ ဒေါ့မူးကလားကျေးရွာအနီး မီးလော င်ဂျွန်းထိုးဆင်းသွားဟု သိရ။” (မူရင်းသတ်ပုံအတိုင်း) ဆိုပြီးစာသားကိုလည်းဓာတ်ပုံနဲ့အတူတွေ့ရပါတယ်။

Image
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့ကရယူခဲ့တဲ့ နားလည်မှုလွဲစေတဲ့ပို့စ် Screenshot

ဒေါ့မူးကလားကျေးရွာက ကယားပြည်နယ်ရဲ့ မြို့တော်ဖြစ်တဲ့ လွိုင်ကော်မြို့အနီးက ကျေးရွာတစ်ရွာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) က စစ်တပ်ပိုင်လေယာဥ်တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ မြန်မာမီဒီယာတစ်ချို့က ဖော်ပြခဲ့ပြီးနောက် ဒီဓာတ်ပုံဟာ လူမှုစာမျက်နှာမှာ ပျံနှံ့ခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ ဒီအကြောင်းကို Radio Free Asia ကဒီလင့်ခ်မှာ တင်ပြထားပြီး DVB ကလည်း ဒီလင့်ခ်မှာ တင်ပြခဲ့ပါတယ်။

KNDF ကလည်း စစ်တပ်လေယာဥ်ကို ပစ်ချနိုင်ခဲ့တယ်ဆိုပြီး တပ်ဖွဲ့ရဲ့ Facebook စာမျက်နှာမှာ သိမ်းဆည်းရမိတဲ့လက်နက်တွေနဲ့အတူ တနေ့ထဲမှာဖော်ပြခဲ့ပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်ဒီလင့်ခ်နဲ့ Twitter ဒီလင့်ခ်တွေမှာလည်း မျှဝေထားတာတွေ့ရပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာမှားယွင်းပါတယ်။

TinEye နဲ့ ဓာတ်ပုံရာဇဝင်ရှာကြည့်ပြီး Google မှာ အဓိကကျတဲ့စကားလုံးတွေနဲ့ ရှာဖွေကြည့်တဲ့အခါမှာ ဒီဓာတ်ပုံကို Reuters က ၂၀၀၁ ခုနှစ်မှာ ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။

Reuters ဝဘ်ဆိုက်က ဖော်ပြထားတဲ့ ဒီဓာတ်ပုံရဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
Reuters ဝဘ်ဆိုက်က ဖော်ပြထားတဲ့ ဒီဓာတ်ပုံရဲ့ Screenshot

“၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့က Sofia မြောက်ပိုင်း ကီလိုမီတာ ၁၆၀ ခန့်တွင်တည်ရှိသည့် Koren ရွာအနီး စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သည့် ဘူဂေးရီးယန်းလေတပ်ဖွဲ့ဝင် MI-24 တိုက်လေယာဥ်တစ်စီးမှ စမ်းသပ်ပစ်ခတ်မှု ပြုလုပ်ခဲ့သည်။ ပင်လယ်နက်၊ ရိုမေးနီးယား၊ ယူဂိုစလားဗီးယား၊ မက်စီဒိုးနီးယား၊ ဂရိ၊ တူရကီတို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ဘူဂေးရီးယားက၂၀၀၂ ခုနှစ်၊ နိုဝင်ဘာလတွင်း Prague တွင်ကျင်းပမည့် မဟာမိတ်ထိပ်သီးအစည်းအဝေးမှာ NATO အဖွဲ့တွင်ပါဝင်ရန်ဖိတ်ခေါ်မှုကို ရရှိမည်ဖြစ်သည်။” ဆိုတဲ့စာသားကိုလည်း ဓာတ်ပုံနဲ့ အတူတကွတွေ့ရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot (ဘယ်) နဲ့ Reuters ဓာတ်ပုံရဲ့ Screenshot (ညာ) ကို နှိုင်းယှဥ်ပြထားတာကိုတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot (ဘယ်) နဲ့ Reuters ဓာတ်ပုံရဲ့ Screenshot (ညာ)

ဒီဓာတ်ပုံကို Stock ဓာတ်ပုံဝဘ်ဆိုက်တစ်ခုဖြစ်တဲ့ Alamy က Reuters ကို ကိုးကားထားပြီး ဒီလင့်မှာ ဖော်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ