ပုဂံက ဘုရားတစ်ဆူ မိုင်းခွဲခံရဆိုတဲ့ သတင်းမှားနဲ့ ဓာတ်ပုံဟောင်း ပျံ့နှံ့
၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၇ ရက်နေ့မှာ ပုဂံရှေးဟောင်းနယ်မြေထဲက စေတီတစ်ဆူ ဗုံးခွဲခံလိုက်ရတယ် ဆိုတဲ့ အဆိုနဲ့အတူ ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေ ထောင်နဲ့ချီမျှဝေမှုတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ သြဂုတ်လ ၇ ရက်နေ့က ပုဂံမှာ ဗုံးပေါက်ကွဲမှု မရှိခဲ့သလို ဒီဓာတ်ပုံဟာလည်း ၂၀၁၉ ခုနှစ်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။
သြဂုတ်လ ၇ ရက်နေ့မှာ မျှဝေထားတဲ့ Facebook ပို့စ်က စာသားကိုတော့ အောက်မှာတွေ့နိုင်ပါတယ်။
“ယနေ့ နေ့လည် ပုဂံ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်
အရမ်း ဝမ်းနည်းမိတယ်..ပုဂံဘုရားများ..မိုင်းခွဲသွားတာ
မြန်မာမှာ ပုဂံဆိုတာ ဘုရားစေတီအပေါဆုံးနေရာ..ဒါလေး
မှမupရင်လည်း..မင်းတိုကမြန်မာမဟုတ်တော့ဘူး” (မူရင်းသတ်ပုံအတိုင်း)
အကြိမ်ရေ ၉,၀၀၀ ကျော်မျှဝေမှု ရှိနေတဲ့ ပို့စ်နဲ့အတူ မီးလောင်ကျွမ်းနေတဲ့ အဆောက်အအုံတစ်ခုရဲ့ ဓာတ်ပုံကို တွေ့ရပါတယ်။

ပုဂံဟာ မြန်မာနိုင်ငံရဲ့ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်တဲ့အပြင် ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြုခံထားရတဲ့ နေရာဖြစ်ပြီး ရှေးဟောင်းစေတီပုထိုးတွေကြောင့် လူသိများပါတယ်။
တူညီတဲ့ ပြောဆိုမှုနဲ့ ပို့စ်တွေကို ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ် တွေမှာ ပြန်လည်မျှဝေထားပါတယ်။
ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။
အဓိကကျတဲ့ စကားလုံးတွေနဲ့ Google မှာ အချက်အလက်ရှာကြည့်တဲ့ အခါ သြဂုတ်လ ၇ ရက်နေ့က ပုဂံမှာ ဗုံးပေါက်ကွဲမှု မရှိတာကိုတွေ့ရပါတယ်။
ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ ဒီဓာတ်ပုံကို လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ က ပုဂံမြို့သစ် မင်းနန်သူရွာ ဘုန်းကြီးကျောင်းမီးလောင်မှု နဲ့အတူ Facebook ဒီလင့်ခ်မှာ မျှဝေထားတာတွေ့ရပါတယ်။
ဓာတ်ပုံနဲ့အတူ စာသားကိုလည်း အခုလိုပဲတွေ့ရပါတယ်။
“17-2-1019 12:45 အချိန်ခန့်- မန္တလေးတိုင်းဒေသကြီး ပုဂံမြို့သစ် မင်းနန်သူ ရွာဘုန်းကြီးကျောင်းအတွင်မီးလောင်မှု ဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပုဂံမြို့အရံမီးသတ်တပ်ဖွဲ့များမှ မီးသတ်ယာဥ် (2)စီးဖြင့် ထွက်ခွာမီးငြိမ်းလျှက်ရှိပါသည်။” (မူရင်းသတ်ပုံအတိုင်း)
နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ ၂၀၁၉ ခုနှစ်က Facebook ပို့စ်က ဓာတ်ပုံ (ညာ) ကိုနှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

မြန်မာတိုင်းမ်ကလည်း ဒီသတင်းကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ “ပုဂံ မင်းနန်သူဘုရားအနီး လေးမျက်နှာဘုန်းကြီးကျောင်း မီးလောင်” ဆိုတဲ့ခေါင်းစဥ်နဲ့အတူ ဒီလင့်ခ်မှာ တင်ပြထားပါတယ်။
ဒီဆောင်းပါးအရ ဒီမီးလောင်မှုဟာ ဝါယာရှော့ခ်ဖြစ်ရာမှ စတင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘူးလို့ ဆိုထားပါတယ်။
မီးလောင်မှုရဲ့ အနီးအနားမှာရှိတဲ့ လေးမျက်နှာဘုရားကိုပြတဲ့ ဒီ Google Maps ဓာတ်ပုံမှာ Facebook ပို့စ်က စေတီကို တွေ့နိုင်ပါတယ်။
