
ဒီဓာတ်ပုံတွေဟာ အင်ဒိုနီးရှားနိုင်ငံမှာ အမေရိကန်နဲ့အင်ဒိုနီးရှားတပ်တွေ ပူးပေါင်းစစ်ရေးလေ့ကျင့်တဲ့ ပုံတွေ ဖြစ်ပါတယ်
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 13 ဇူလိုင် 2021 အချိန် 09h09
- ဖတ်ရန် ကြာချိန် 3 မိနစ်
- AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဒီဓာတ်ပုံတွေကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၉ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာပါ။ ပို့စ်ပျက်မသွားခင်အချိန်အထိ ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၂,၂၀၀ ကျော် ရှိခဲ့ပါတယ်။

“မြန်မာနိုင်ငံ ပဲခူးတိုင်းတနေရာ လေကြောင်းချီလာတဲ့ (အ)မေရိကန် စစ်သည်များ”(မူရင်းသတ်ပုံ) ဆိုတဲ့ စာသားကိုလည်း တင်ထားတဲ့ဓာတ်ပုံတွေနဲ့အတူ ရေးတင်ထားပါတယ်။
“ငါတို့တွေနိုင်ကို နိုင်ရမယ်ဟေ့ ၈လေးလုံးလိုနေ့မျိုးမှာ ဝင်လာတာတိုက်ဆိုင်မှုမဟုတ်ပါ ကိုယ်တိုင်တွေ့ရင်ပန်းကုံးစွပ်တာတို့ရေသန့်ဘူးပေးတာတို့မလုပ်ပါနဲ့နော်” ဆိုပြီး ဆက်ရေးထားသလို တပ်တွေ ဝင်လာတာကို မျက်လုံးနှစ်လုံးနဲ့ ကိုယ်တိုင်မြင်တွေ့တယ်လို့လည်း ပို့စ်မှာ ရေးထားပါတယ်။
ပဲခူးတိုင်းဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ရန်ကုန်ရဲ့ အရှေ့မြောက်မှာ တည်ရှိပါတယ်။
ရှစ်လေးလုံးအထိမ်းအမှတ်နေ့ဆိုတာ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှု နှစ်ပတ်လည်နေ့ကို ရည်ညွန်းတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့တဲ့နောက်ပိုင်း မြန်မာနိုင်ငံက ဒီမိုကရေစီအရေးလှုပ်ရှားသူတွေဟာ မြန်မာတပ်မတော်ခေါင်းဆောင်တွေကို ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်တွေနဲ့ အမေရိကန်စစ်တပ်က အရေးယူပေးဖို့ တောင်းဆိုမှုတွေ အွန်လိုင်းပေါ်မှာ ပြုလုပ်ခဲ့ကြပါတယ်။
အဲဒီဓာတ်ပုံတွေနဲ့ အလားတူပြောဆိုမှုတွေကို Facebook ပေါ်က ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်တွေအပြင် ဘလော့ဂ်စာမျက်နှာတွေဖြစ်တဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ခဲ့တာတွေ့ရပါတယ်။
အဲဒီဓာတ်ပုံတွေကို ဆင်တူတဲ့ပြောဆိုမှုတွေနဲ့အတူ ဒီ YouTube ဗီဒီယိုမှာလည်း တင်ထားပြီး အကြိမ်ရေ ၅၁,၀၀၀ ကျော် ကြည့်ရှုထားတာ တွေ့ရပါတယ်။
ဒါပေမဲ့ အဲဒီအဆိုဟာ မှားပါတယ်။
Google ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံတွေဟာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက အမေရိကန်နဲ့ အင်ဒိုနီးရှားတပ်မတော်တို့အကြား ပူပေါင်းပြုလုပ်ခဲ့တဲ့ Garuda Shield 2021 စစ်ဆင်ရေးအကြောင်း ဖော်ပြခဲ့တဲ့ ပုံတွေဖြစ်ပြီး အမေရိကန်တပ်မတော်နဲ့ သက်ဆိုင်တဲ့ တရားဝင် Facebook စာမျက်နှာတွေကနေ စတင် ဖော်ပြခဲ့တာ တွေ့ရပါတယ်။
နားလည်မှုလွဲစေတဲ့ပို့စ်ထဲက ပထမဓာတ်ပုံကို 2nd Brigade Combat Team, 82nd Airborne Division (အမှတ် ၂ တိုက်ခိုက်ရေးတပ်မဟာ၊ အမှတ် ၈၂ လေကြောင်းချီတပ်မ) Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက တင်ခဲ့တာ တွေ့ရပါတယ်။
ဓာတ်ပုံတွေနဲ့အတူ “အမေရိကန်တပ်မတော်၏ ပစိဖိတ်စစ်ရေးလေ့ကျင့်မှု #GarudaShield2021 တွင် သိန်းငှက်(စစ်သည်)များ ဆက်လက် ပါဝင်လျှက်ရှိပါသည်။ အမှတ် ၈၂ လေကြောင်းချီတပ်မ၏ လေထီးတပ်သား ၅၀၀ ကျော်သည် အင်ဒိုနီးရှားတပ်မတော် တပ်သားများနှင့်အတူ အင်ဒိုနီးရှားနိုင်ငံထဲသို့ လေထီးခုန်ခဲ့သည်။ #AirborneInteroperability” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။
နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ အမေရိကန်စစ်တပ် Facebook က တင်ခဲ့တဲ့ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

ဒုတိယမြောက်ပုံကနေ ပဉ္စမမြောက်ပုံတွေကိုတော့ 82nd Airborne Division (အမှတ် ၈၂ လေကြောင်းချီတပ်မ) Facebook ရဲ့ ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။
“#GarudaShield (စစ်ရေးလေ့ကျင့်မှု)ကို ဆက်လက်လေ့ကျင့်လျက်ရှိရာ၊ အမှတ် ၈၂ လေကြောင်းချီတပ်မ၊၊ အမှတ် ၂ တိုက်ခိုက်ရေးတပ်ရင်းမှ လေထီးစစ်သည်များသည် Guam ကျွမ်းမှ အင်ဒိုနီးရှားသို့ ပျံသန်းခဲ့ပြီး အင်ဒိုနီရှားလေတပ်သားများနှင့်အတူ လေထီးခုန်လေ့ကျင့်ခဲ့ကြသည်။ #AirborneInteroperability #AATW #LGOP”
နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံတွေ (ဘယ်) နဲ့ အမေရိကန်စစ်တပ် Facebook က တင်ခဲ့တဲ့ဓာတ်ပုံတွေ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာ တွေ့နိုင်ပါတယ်။

ခြောက်ပုံနဲ့ ခုနှစ်ပုံမြောက် ဓာတ်ပုံတွေကိုတော့ 2nd Infantry Brigade Combat Team, 25th Infantry Division (အမှတ် ၂ ခြေလျင်တိုက်ခိုက်ရေးတပ်မဟာ၊ အမှတ် ၂၅ ခြေလျင်တပ်မ) Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လက တင်ခဲ့တာ တွေ့ရပါတယ်။
“အမှတ် ၈၂ လေကြောင်းချီတပ်မ ရှိ အမေရိကန်စစ်သည်များသည် အင်ဒိုနီးရှားနိုင်ငံ Batu Raja လေ့ကျင့်ရေးဧရိယာတွင် ကျင်းပသည့် #GarudaShield2021 စစ်ရေးလေ့ကျင့်မှုတွင် အင်ဒိုနီရှားတပ်မတော် လေထီးတပ်သားများနှင့်အတူ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းကို ပြုလုပ်ခဲ့ကြသည်။.”
နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံတွေ (ဘယ်) နဲ့ အမေရိကန်စစ်တပ် Facebook က တင်ခဲ့တဲ့ဓာတ်ပုံတွေ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာ တွေ့နိုင်ပါတယ်။

Garuda Shield စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေအကြား ပူးပေါင်းလေ့ကျင့်ခဲ့တဲ့အကြီးဆုံးစစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်ပါတယ်။ ဩဂုတ်လ ၁ ရက်ကနေ ၁၄ ရက်ထိ အင်ဒိုနီးရှားနိုင်ငံက နေရာသုံးခုမှာ အဲဒီလေ့ကျင့်မှုကို ပြုလုပ်ခဲ့တာဖြစ်တယ်လို့ အင်ဒိုနီးရှားမီဒီယာတွေက ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ရေးသား ဖော်ပြခဲ့ကြပါတယ်။
အဓိကကျတဲ့ စကားလုံး (keywords) တွေနဲ့ ဘာသာစကားအမျိုးမျိုး သုံးပြီး ရှာဖွေကြည့်တဲ့အခါမှာလည်း ၂၀၂၁ ခုနှစ်၊ ဩဂုတ်လထဲမှာ မြန်မာနိုင်ငံကို အမေရိကန်တပ်သားတွေ ရောက်လာတယ်လို့ ဆိုထားတဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအထောက်အထားတွေ မတွေ့ရပါဘူး။
အမေရိကန်ဦးဆောင်ပါဝင်တဲ့ ကုလသမဂ္ဂတပ်တွေက မြန်မာတပ်မတော်ကို “စစ်ကြေညာလိုက်ပြီ”လို့ ပြောဆိုထားတဲ့ အချက်အလက်အမှားတွေကိုလည်း AFP က အချက်အလက်စိစစ်ခဲ့ပြီး ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်