
ဒီပြုပြင်ထားတဲ့ပုံက Time မဂ္ဂဇင်းမှာ ဖော်ပြခံရတဲ့ သီတဂူဆရာတော်ပုံ မဟုတ်ပါ
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 04 အောက်တိုဘာ 2021 အချိန် 08h30
- နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 04 အောက်တိုဘာ 2021 အချိန် 09h21
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၈ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာ ဖြစ်ပြီး အကြိမ်ရေ ၃၀၀ ကျော် ပြန်လည်မျှဝေခဲ့ကြပါတယ်။

ပုံရဲ့ ဘယ်ဘက်အပေါ်နားမှာ “Time 100” ဆိုတဲ့ စာသားကို ရေးထားပါတယ်။
“Time 100” ဆိုတာ အမေရိကန်အခြေစိုက် တိုင်းမ်မဂ္ဂဇင်းက နှစ်စဉ် ရွေးချယ်တဲ့ ကမ္ဘာပေါ်က ဩဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ ရဲ့ အမည်စာရင်းဖြစ်ပါတယ်။
ဓာတ်ပုံထဲမှာ အပြာရောင်ကောင်းကင်နောက်ခံပေါ်က လတစ်စင်းအောက်မှာ ရပ်နေတဲ့ သီတဂူဆရာတော်ပုံကို တွေ့ရပါတယ်။
ပုံနဲ့အတူ တွဲတင်ထားတဲ့ စာသားကတော့ အခုလိုပဲ ဖြစ်ပါတယ်။
“လမင်းကြီးကတောင် ဦးခိုက်ရသတဲ့
မြန်မာပြည်မှ ထင်ရှားကျော်ကြားသော သီတဂူဆရာတော်ကြီးအား ဓာတ်ပုံရိုက်ယူနေချိန်တွင် မွန်းတည့်ချိန်၌ ပေါ်လာစရာအကြောင်း လုံးဝမရှိသော "လ"သည် ဝိုင်းစက်လှပစွာ ပေါ်ထွန်းလာသည်ကို သိပ္ပံပညာရှင်များကပင် အဖြေရှာမရအောင် တအံ့တကြ ဖြစ်နေရသည်ဟု ကမ္ဘာကျော် TIME magazine မှ တလေးတစား ဖော်ပြထားသည်ကို ယနေ့ရက်စွဲဖြင့် တွေ့ရှိရပါတယ်။ မူရင်းတင်ပြသူအား လေးစားစွာဖြင့်”(မူရင်းသတ်ပုံအတိုင်း)
ပုံထဲမှာ သီတဂူဆရာတော်လို့လူသိများတဲ့ အရှင်ဉာဏိဿရကို တွေ့ရပါတယ်။ အမေရိကန်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Foreign Policy ရဲ့အဆိုအရ ဆရာတော်ဟာ မြန်မာနိုင်ငံမှာ တပ်မတော်အာဏာရယူပြီးနောက်ပိုင်း မြန်မာတပ်မတော်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့ သြဇာအရှိဆုံးဗုဒ္ဓဘာသာထိပ်သီးဆရာတော်တွေထဲက တစ်ပါးဖြစ်တယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်အတွက် ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ ရဲ့စာရင်းကို တိုင်းမ်မဂ္ဂဇင်းက ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အဲဒီဓာတ်ပုံ ပျံ့နှံ့လာခဲ့တာပါ။
ပုံနဲ့အတူ အလားတူရေးသားမှုတွေကို Facebook ပေါ်က ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ခဲ့ပါတယ်။
ဒါပေမဲ့ ဆရာတော်ကို တိုင်းမ်မဂ္ဂဇင်းရဲ့ ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ် ၁၀၀ ရဲ့ စာရင်းထဲ ဖော်ပြခဲ့တယ်ဆိုတဲ့ အဆိုက မှားယွင်းပါတယ်။
“သီတဂူဆရာတော်ကို ၂၀၂၁ ခုနှစ် Time 100 စာရင်းမှာ ဖော်ပြခဲ့ခြင်း မရှိသလို ပို့စ်မှာ တင်ထားတဲ့ပုံဟာလည်း တိုင်းမ်မဂ္ဂဇင်းက ရိုက်ကူးခဲ့တဲ့ပုံ မဟုတ်ပါဘူး”လို့ တိုင်းမ်မဂ္ဂဇင်းရဲ့ တာဝန်ရှိသူတစ်ဦးက AFP ကို စက်တင်ဘာ ၃၀ ရက်မှာ ပြောပါတယ်။
အဓိကကျတဲ့စကားလုံး (keyword) တွေ အသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါမှာလည်း သီတဂူဆရာတော်ကို တိုင်းမ်မဂ္ဂဇင်းရဲ့ စာရင်းမှာ ဖော်ပြခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။
မြန်မာနိုင်ငံက ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူတွေဖြစ်တဲ့ အက်စတာဇေနောနဲ့ မအိသင်ဇာမောင်တို့ နှစ်ဦးကတော့ တိုင်းမ်မဂ္ဂဇင်းရဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာ့ဩဇာအရှိဆုံးပုဂ္ဂိုလ်တွေ အဖြစ် ဖော်ပြခံခဲ့ရပါတယ်။
နောက်ထပ် အဓိကကျတဲ့စကားလုံး (keyword) တွေ အသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါမှာလည်း တိုင်းမ်မဂ္ဂဇင်းက ရိုက်ကူးခဲ့တဲ့ဓာတ်ပုံလို့ ပြောဆိုထားတဲ့ပုံကို သီတဂူဆရာတော်ရဲ့ Facebook စာမျက်နှာမှာ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၆ ရက်က တင်ထားတာတွေ့ရပါတယ်။
အဲဒီပုံမှာလတစ်စင်းရဲ့ပုံကို ထည့်သွင်းပြီး ပြုပြင်ထားပါတယ်။
နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ Ashin Nyanissara Facebook ပေါ်က ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်