ဒီဓာတ်ပုံကိုရုရှားမှာ ရိုက်ကူးခဲ့တာဖြစ်ပြီး မြန်မာလူငယ်တစ်ဦး တိုက်ပေါ်က ခုန်ချနေတဲ့ပုံမဟုတ်ပါဘူး

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၁ ခုနှစ် ရဲတပ်ဖွဲ့ရဲ့ ရှောင်တခင်ဝင်ရောက်စီးနင်းမှုအတွင်း ရန်ကုန်မြို့ရဲ့ တိုက်တစ်လုံးပေါ်ကနေ ခုန်ချခဲ့တဲ့လူငယ်ငါးယောက်ထဲက တစ်ယောက်ရဲ့ပုံလို့ဆိုထားတဲ့ဓာတ်ပုံတစ်ပုံကို မြန်မာ Facebook သုံးစွဲသူတွေကြားမှာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံနဲ့ပူးတွဲဖော်ပြထားတဲ့စာသားတွေဟာ နားလည်မှုလွဲစေနိုင်ပါတယ်။ ဒီဓာတ်ပုံမှာမြင်ရတာဟာ ၂၀၀၉ ခုနှစ်တုန်းက ရုရှားနိုင်ငံမှာ parkour (ပါခွါရ်) လေ့ကျင့်သူတစ်ဦး စတန့်သရုပ်ပြနေတာဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို အခြားဓာတ်ပုံနှစ်ပုံနဲ့အတူ Facebook ပို့စ်တစ်ခုမှာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့က တင်ထားတာ တွေ့ရပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၄၇၀၀ ကျော် ရှိခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၃ ရက်နေ့က ရယူထားတဲ့ screenshot

ပထမဓာတ်ပုံပေါ်မှာရေးထားတဲ့စာသားကတော့ “သူရသတ္တိဆိုသည်မှာ စစ်ခွေးတွေလက်အောက် ဒူးမထောက်” ဆိုပြီးဖြစ်ပါတယ်။

ဒုတိယဓာတ်ပုံကတော့ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးအနုပညာရှင်တစ်ဦးက ပုံဖော်ထားတာဖြစ်ပါတယ်။ တတိယပုံကတော့ အဆောက်အအုံတစ်ခုရဲ့အပေါ်ကနေ အလောင်းတွေကို ရိုက်ကူးထားတဲ့ပုံစံမျိုး တွေ့ရပါတယ်။

ဓာတ်ပုံတွေနဲ့အတူ တွဲတင်ထားတဲ့စာသားအချို့ကတော့ အခုလိုဖြစ်ပါတယ်။

“စစ်ခွေးအချင်းချင်း သတင်းပို့ကြတဲ့ အသံဖိုင်ထဲမှာ “အလွတ်ကြီးခုန်ချသွားတာပါတဲ့” ။ ဘာလို့လဲသိလား။ စစ်ကြောရေးမှာ နှိပ်စက်ခံရရင် သေသွားရင်ကောင်းမှာပဲလို့ စက္ကန့်တိုင်း ဆုတောင်းရတဲ့အထိ ရက်စက်တယ်။ ယောက်ျားလေးအင်္ဂါကို မီးခြစ်နဲ့ရှို့ပြီး လိုရာကိုမေးတယ်။ မဒိမ်းကျင့်လုနီးပါး မတော်တရော်တွေ လုပ်တယ်။...”

“ဒီထက် ဒီထက် အများကြီး လူမဆန်တဲ့နည်းလမ်းတွေရှိသေးတယ်။ တော်လှန်ရေးလုပ်နေတဲ့ ကလေးတိုင်း ဒါကိုသိတယ်။ ကြောက်လဲကြောက်ကြတယ်။ ဘာလို့ ဆက်လုပ်ကြလဲဆိုတော့… အခုနေ ရပ်လိုက်ရင် ဒီတသက်မကဘူး၊ နောင်မျိုးဆက်တွေအထိ မလွတ်လပ်နိုင်တော့ဘူး။ ဒီမိုကရေစီရရင် စံစားရမှာချင်း အတူတူကို ဒီကလေးတွေကမှ ပိုအနစ်နာခံပေးနေရတာ ရင်နာစရာကောင်းလိုက်တာ။...” (မူရင်းသတ်ပုံအတိုင်း)

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့တုန်းက ရန်ကုန်မြို့မှာ လူငယ်ငါးဦး တိုက်ပေါ်က ခုန်ချခဲ့တဲ့ဖြစ်စဉ် ပေါ်ပေါက်ခဲ့ပြီးနောက်ပိုင်း ဒီပို့စ်ပျံ့နှံ့လာခဲ့တာဖြစ်ပါတယ်။

ရဲတွေရဲ့လိုက်လံဖမ်းဆီးမှုကနေလွတ်ဖို့ လူငယ်ငါးဦး တိုက်ပေါ်ကခုန်ချခဲ့ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရတဲ့အကြောင်း AFP သတင်းကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

အလားတူပြောဆိုမှုနဲ့အတူ တူညီတဲ့ဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည် မျှဝေခဲ့ကြပါတယ်။

ဒါပေမဲ့ ဒီပို့စ်တွေဟာ နားလည်မှု လွဲစေနိုင်ပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တာအပြင် အဓိကကျတဲ့စကားလုံးတွေသုံးပြီး ရှာတဲ့အခါမှာ ပထမဓာတ်ပုံကို European Press Agency (EPA) အတွက် ဓာတ်ပုံဆရာ Anatoly Maltsev က ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ရိုက်ကူးထားတာ တွေ့ရပါတယ်။

EPA ရဲ့အွန်လိုင်းမော်ကွန်းမှာတွေ့ရတဲ့ဓာတ်ပုံပါ စာသားကတော့ အခုလိုဖြစ်ပါတယ်။

“၂၀၀၉ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်၊ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့တွင် parkour (ပါခွါရ်) အားကစားသမားတစ်ဦးက ၁၈ မီတာအမြင့်ရှိသည့်တိုက်မှ ၇ မီတာအကွာအဝေးတွင်ရှိနေသည့် ၁၄ မီတာအမြင့်ရှိသော တိုက်ခေါင်မိုးပေါ်သို့ ဖြတ်ကျော်ခုန်ကူးနေစဉ်။ parkour (ပါခွါရ်) သည် ပြင်သစ်မှ စတင်ခဲ့သည့် အားကစားနည်းတစ်မျိုးဖြစ်ပြီး လမ်းတစ်လျှောက်ပြေးခြင်း၊ အတားအဆီးများကို အထိရောက်ဆုံးနည်းလမ်းများသုံး၍ ကျော်လွှားခြင်း၊ အတားအဆီးအပေါ်မူတည်၍ ခုန်တက်ခြင်း၊ တွယ်တက်ခြင်း သို့မဟုတ် ပိုမိုတိကျသော ပါခွာရ်နည်းလမ်းများကိုအသုံးပြု၍ ရွေ့လျားခြင်းများ ပါဝင်သည်။”

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်တွေပါ ဓာတ်ပုံ (ဘယ်) နဲ့ EPA မော်ကွန်းကဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်တွေပါ ဓာတ်ပုံ (ဘယ်) နဲ့ EPA မော်ကွန်းကဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot



ဒုတိယဓာတ်ပုံဟာ အခင်းဖြစ်စဉ်နဲ့ပတ်သက်လို့ အနုပညာရှင်တစ်ယောက်က ပုံဖော်ထားတာဖြစ်ပါတယ်။

တတိယဓာတ်ပုံကတော့ ရန်ကုန်မှာ အခင်းဖြစ်ပွားပြီးမကြာခင် အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတာဖြစ်ပါတယ်။ ပုံထဲမှာ မြေပြင်ပေါ်လဲကျနေတဲ့ခန္ဓာကိုယ်တွေကို အဆောက်အအုံတစ်ခုရဲ့အပေါ်ဘက်ကနေ ရိုက်ကူးထားတဲ့ပုံစံမျိုး တွေ့ရပါတယ်။

AFP အနေနဲ့ အဲဒီဓာတ်ပုံရဲ့မူလဇစ်မြစ်ကို အတည်မပြုနိုင်သေးပါဘူး။ ဒါပေမယ့် ဒီဓာတ်ပုံဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့အခင်းဖြစ်ရပ်မတိုင်ခင်အထိ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာမျိုး မရှိခဲ့ပါဘူး။

MYANMAR MILITARY COUP