
ဒီပြုပြင်ထားတဲ့ပုံဟာ အမေရိကန်သမ္မတနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ Video conference ကတဆင့် တွေ့ဆုံတဲ့ ဓာတ်ပုံမဟုတ်ပါဘူး
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 20 ဇူလိုင် 2021 အချိန် 10h37
- ဖတ်ရန် ကြာချိန် 3 မိနစ်
- AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၅ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပါတယ်။
ပုံနဲ့အတူတင်ထားတဲ့ပို့စ်မှာ “အိမ်စောင့်အစိုးရဝန်ကြီးချုပ် ဦးမင်းအောင်လှိုင် နှင့် အမေရီကန်သမ္မတဂျိုးဘိုင်ဒန် Video conference ဖြင့် တွေ့ဆုံဆွေးနွေး”(မူရင်းသတ်ပုံအတိုင်း) ဆိုပြီး ခေါင်းစဉ် ရေးသားထားပါတယ်။
ဆက်လက်ပြီး ပို့စ်ကို အောက်ပါအတိုင်း ရေးသားထားပါတယ်။
“အိမ်ဖြူတော်၏ ဖိတ်ကြားချက်အရ ယနေ့မြန်မာစံတော်ချိန် နံနက် ၁၀:၀၀ နာရီ၊ အမေရီကန်စံတော်ချိန် ည ၁၁:၃၀ အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင် နှင့် အမေရီကန်သမ္မတဂျိုးဘိုင်ဒန် တို့ဟာ Video conference စနစ်ဖြင့် တစ်နာရီကျော်ကြာအောင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ အဆိုပါ တွေ့ဆုံဆွေးနွေးမူ့တွင် လက်ရှိမြန်မာ့နိုင်ငံရေး အခြေနေအား အဓိကထား ဆွေးနွေးခဲ့ကြပြီး ဝန်ကြီးချုပ်ဦးမင်းအောင်လှိုင်က ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမူ့များအား စီစစ်တွေ့ရှိခဲ့ရတာကြောင့် တပ်မတော်မှ မလွဲမရှောင်သာ၍ အာဏာထိန်းလိုက်ရခြင်း ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ပြန်လည်အသက်သွင်းဖို့ အားလုံးပါဝင်တဲ့ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ခုကို ၂၀၂၃ သြဂုတ်လအတွင်း ကျင်းပပေးဖို့ရန် လုပ်ဆောင်နေကြောင်း၊ တပ်မတော်က စီစစ်တွေ့ရှိထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲမှ မဲမသမာမူ့များအား အချက်လက်များဖြင့် အသေးစိတ်ရှင်းပြရာတွင် အမေရီကန်သမ္မတဂျိုးဘိုင်ဒန်က ယခုလို အချက်လက်များဖြင့် ရှင်းပြပေးတာကြောင့် မိမိအနေနဲ့ သဘောပေါက် နားလည်လက်ခံပါကြောင်း တုန့်ပြန်ပြောကြားခဲ့သည်”(မူရင်းသတ်ပုံအတိုင်း)

နားလည်မှုလွဲစေနိုင်တဲ့ပို့စ်မှာ သမ္မတဘိုင်ဒန်က အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာဖို့ အိမ်ဖြူတော်အရာရှိတွေနဲ့ ဆွေးနွေးသွားမယ်လို့ တုံ့ပြန် ပြောဆိုခဲ့တယ်လို့လည်း ရေးသားထားပါတယ်။
ဒီသတင်းမှာ ဖော်ပြထားသလို မြန်မာနိုင်ငံမှာ တပ်မတော်က အာဏာသိမ်းပြီးတဲ့နောက် ခြောက်လအကြာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က အိမ်စောင့်အစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံတော်ဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားပါတယ်။
ပုံနဲ့အတူ အလားတူရေးသားမှုတွေကို Facebook ပေါ်က ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ခဲ့ပါတယ်။
ဒါပေမဲ့ အဲဒီပုံဟာ ပြုပြင်ထားတဲ့ပုံ ဖြစ်ပါတယ်။
အဓိကကျတဲ့စကားလုံး (keywords) တွေ အသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါမှာလည်း သမ္မတဘိုင်ဒန်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ဩဂုတ်လအတွင်း တွေ့ဆုံခဲ့တယ်ဆိုတဲ့ တရားဝင်ထုတ်ပြန်ချက်တွေ၊ ယုံကြည်ရတဲ့သတင်းတွေ မတွေ့ရပါဘူး။
သမ္မတဘိုင်ဒန်ရဲ့ပုံ
Google ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပို့စ်ထဲကသမ္မတဘိုင်ဒန်ရဲ့ပုံဟာ ၂၀၂၀ ခုနှစ်၊ ဇူလိုင် ၂၈ ရက်က News3LV သတင်းဌာနက အမေရိကန်သတင်းထောက် Jeff Gillan နဲ့ ဒီအင်တာဗျူးမှာ ရိုက်ကူးခဲ့တဲ့ဓာတ်ပုံ ဖြစ်နေတာ တွေ့ရပါတယ်။
သတင်းပေးပို့ချက်ရဲ့ ခေါင်းစဉ်မှာတော့ “ကပ်အရေးနှောင့်နှေးနေတဲ့ ထရမ့်ဟု News 3 ကို ဘိုင်ဒန်ပြော၊ နိုင်ငံတဝန်းနှာခေါင်းစည်းမတပ်မနေရပြဋ္ဌာန်းဖို့လိုဟု ဆို” ဆိုပြီး ရေးသားထားပါတယ်။
သတင်းရဲ့အစပိုင်းမှာ “သေချာသလောက်ဖြစ်နေတဲ့ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းနဲ့ အင်္ဂါနေ့တုန်းက မိနစ်အနည်းငယ်လောက် သီးသန့်စကားပြောခွင့်ရခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ စီးပွားရေးအဆောက်အအုံကြီးကို COVID-19 လက်သီးကြီးနဲ့ အရှိုက်ကို အထိုးခံလိုက်ရတဲ့အချိန်ပေါ့ဗျာ။ ဗိုင်းရပ်စ်ကြောင့် ဖြစ်လာတဲ့ စိတ်မချရတဲ့အခြေအနေတွေကြောင့် (နှစ်တိုင်းလုပ်နေကျ) CES ကုန်စည်ပြပွဲကို လာ့စ်ဗီးဂတ်စ်မှာ မလုပ်ဖြစ်တော့ဘူး။ CES ကတော့ပြောတယ်၊ ၂၀၂၂ ကျရင် ပြန်ကျင်းပပါ့မယ်တဲ့။ ဒါဆို ပုံမှန်လာနေကျ လူပေါင်း ၁၇၁၀၀၀ ဟာ လာမယ့် (၂၀၂၁ ခုနှစ်၊) ဇန်နဝါရီလမှာ မလာကြတော့ဘူး၊ (CES ပွဲမှာ) သန်းနဲ့ချီတဲ့ဒေါ်လာတွေကို မသုံးကြတော့ဘူးဆိုတဲ့သဘောပေါ့။ ဒါနဲ့ပဲ ဂျိုးဘိုင်ဒင်ကို Zoom ကနေတစ်ဆင့် ကပ်ရောဂါနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံး နှာခေါင်းစည်း တပ်ရေးဥပဒေပြဋ္ဌာန်းဖို့လိုနေပြီလားလို့ ကျွန်တော်သူ့ကို မေးခဲ့ပါတယ်” ဆိုပြီး ရေးသားထားပါတယ်။
နားလည်မှုလွဲစေတဲ့ပို့စ်က သမ္မတဘိုင်ဒန်ဓာတ်ပုံ (ဘယ်) နဲ့ News3LV အင်တာဗျူးက ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဓာတ်ပုံ
နားလည်မှုလွဲစေနိုင်တဲ့ပို့စ်မှာ ဖော်ပြထားတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ပုံကို ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာလည်း အဲဒီဓာတ်ပုံဟာ တပ်မတော်ခေါင်းဆောင်ရဲ့ ၂၀၂၁ ခုနှစ် ဇွန်လ ၂၅ ရက်က တာတာစတန်သမ္မတနိုင်ငံကို သွားရောက်ခဲ့တဲ့သတင်းတွေမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဓာတ်ပုံတွေကို တာတာစတန်သမ္မတနိုင်ငံ အစိုးရဝဘ်ဆိုက်ရဲ့ ဒီလင့်ခ်မှာ ဇွန်လ ၂၅ ရက်က တင်ခဲ့ပါတယ်။

ဓာတ်ပုံတွေနဲ့အတူ “တာတာစတန်သမ္မတနိုင်ငံ သမ္မတ R.N. Minnikhanov နှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံခြင်း” ဆိုပြီး ရုရှားဘာသာစကားနဲ့ ရေးသားထားပါတယ်။
နားလည်မှုလွဲစေတဲ့ပို့စ်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဓာတ်ပုံ (ဘယ်) နဲ့ Official Tatarstan ဝဘ်ဆိုက် ဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ခရီးစဉ်နဲ့ ပတ်သက်ပြီး Global News Light of Myanmar အစိုးရသတင်းစာရဲ့ သတင်းဖော်ပြချက်ကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်