John Cena speaks on stage during the CinemaCon Paramount Pictures Exclusive Presentation at the Colosseum Caesars Palace on April 4, 2019, in Las Vegas, Nevada. ( AFP / VALERIE MACON)

အမေရိကန် နပန်းသမား ဂျွန်စီးနာ ကိုဗစ်-၁၉ ကြောင့် ကွယ်လွန်ပြီဆိုတဲ့ သတင်းမှားပျံ့နှံ့

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 25 ဇူလိုင် 2021 အချိန် 08h42
  • ဖတ်ရန် ကြာချိန် 3 မိနစ်
  • AFP ထိုင်း
အမေရိကန် နပန်းသမား ရုပ်ရှင်သရုပ်ဆောင် ဂျွန်စီးနာ ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်သွားပြီ ဆိုတဲ့ ပို့စ်ကို လူမှုမီဒီယာ စာမျက်နှာတွေမှာ အကြိမ်ရေထောင်နဲ့ချီ ဝေမျှမှုတွေရှိနေပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ ဒီသတင်းမှား ထွက်လာပြီးတဲ့နောက်ပိုင်းမှာ ဂျွန်စီးနာ ဟာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ WWE Summer Slam 2021 နပန်းပွဲမှာ ပါဝင်ထိုးသတ်ခဲ့တဲ့အပြင် သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ပုံမှန်လှုပ်ရှားမှုတွေရှိနေပါတယ်။

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၄ ရက်က ဒီပို့စ်ကို Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး အကြိမ်ရေ ၆,၀၀၀ ကျော်ပြန်လည် မျှဝေမှုရှိနေပါတယ်။

ဒီပို့စ်နဲ့အတူစာသားကိုလည်း အောက်မှာတွေ့နိုင်ပါတယ်။

“အရမ်းသန်မာတဲ့ သူလည်းကိုဗစ်နဲ့ သေဆုံးနိုင်
WWE နပန်းသမား
John Cena
Covid-19ရောဂါဖြင့်
ရုတ်တရက်ကွယ်လွန်"
John Cena သည်
ပြီးခဲ့သောရက်သတ္တပတ်တည်းက
Covid 19ရောဂါ ကူးစက်ခံစားနေခဲ့ရခြင်းဖြစ်သည်။11.8.2021 ညနေ ၆နာရီချိန်တွင်
NewYork အထွေထွေဆေးရုံကြီး၌
ဆေးကုသမှုခံယူရင်း
ရုတ်တရက် အောက်ဆီဂျင်ကျကာ
နှလုံးရပ်တံ့သေဆုံးသွားခဲ့သည်။
အဆိုပါ နပန်းသမားသည်
WWEတွင်နာမည်ကြီးရုံသာမက
Hollywoodရုပ်ရှင်များစွာတွင်လည်းပါဝင်ခဲ့ဖူးသူဖြစ်ပြီး ပြီးခဲ့သောရက်က ထွက်ခဲ့သည့်
DC Super Hero ရုပ်ရှင်တစ်ကားဖြစ်သည့်
Suicide Squad 2တွင်လည်း
အရေးကြီးသောဇာတ်ကောင်နေရာမှပါဝင်ခဲ့သည်။” (မူရင်းသတ်ပုံအတိုင်း)

Image
၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့က ရိုက်ယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ် Screenshot

တူညီတဲ့ ပြောဆိုမှုနဲ့ ပို့စ်တွေကို ဘင်္ဂလားဒေ့ရ်ှကမ္ဘောဒီးယား နဲ့ မြန်မာရဲ့ Facebook စာမျက်နှာနဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ Tiktok ကွန်ရက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

ဂျွန်စီးနာဟာ သြဂုတ်လ ၂၁ ရက်နေ့က WWE Summer Slam 2021 နပန်းပြိုင်ပွဲမှာ ပါဝင်ခဲ့ပြီး နပန်းလောကရဲ့ ချန်ပီယံ Roman Reigns ကို ရှုံးနှိမ့်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်နေ့ အထိ ဂျွန်စီးနာရဲ့ နာရေးကွယ်လွန်မှု အကြောင်းကို ခိုင်လုံတဲ့ မီဒီယာတွေက ဖော်ပြတာမျိုး မရှိသလို ကမ္ဘာ့နပန်းဖျော်ဖြေရေးအဖွဲ့အစည်းရဲ့ ဝဘ်ဆိုက် ပေါ်မှာ တရားဝင် ထုတ်ပြန်ထားမှု မရှိတာ တွေ့ရပါတယ်။

ဒါ့အပြင် ဂျွန်စီးနာဟာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာတွေဖြစ်တဲ့ Twitter နဲ့ Instagram မှာ ပုံမှန်လှုပ်ရှားမှုတွေရှိနေပါတယ်။

ဒီပို့စ်နဲ့အတူ ဂျွန်စီးနာရဲ့ စျာပနအခန်းအနားက ပုံတွေလို့ဆိုထားတဲ့ ဓာတ်ပုံတွေကိုလည်း အချို့သောပို့စ်တွေမှာ အတူတကွ တွေ့ရပါတယ်။ ဒါပေမဲ့ Google က ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ ဒီဓာတ်ပုံတွေကို အခြားနေရာကနေ ရယူထားတာကို တွေ့ရပါတယ်။

အခေါင်းနှင့်ဓာတ်ပုံ

အခေါင်းတစ်ခုနားမှာ တွေ့ရတဲ့ ဂျွန်စီးနာရဲ့ ဓာတ်ပုံတွေဟာ ပြုပြင်ဖန်တီးထားတာဖြစ်ပါတယ်။

မူရင်းဓာတ်ပုံက ကမ္ဘာလှည့် ခရီးသည်တွေကို Hollywood Boulevard မှာ ဖျော်ဖြေပေးလေ့ရှိတဲ့ ဟောလီးဝုဒ်စူပါမန်း “Hollywood Superman” ခေါ် Christopher Dennis ရဲ့ စျာပနာအခန်းအနားက ဓာတ်ပုံဖြစ်ပါတယ်။

မူရင်းဓာတ်ပုံကို Deadline ရဲ့ သတင်း ဒီလင့်ခ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။

နားလည်မှုလွဲစေတဲ့ ဓာတ်ပုံ (ဘယ်) နဲ့ မူရင်းဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ဓာတ်ပုံ (ဘယ်) နဲ့ မူရင်းဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot

ဆေးရုံအိပ်ရာပေါ်က ဓာတ်ပုံ

ဂျွန်စီးနာတစ်ယောက် ဆေးရုံအိပ်ရာပေါ်မှာ မျက်လုံးကို တိပ်တွေနဲ့ ကပ်လျက်သားဖြစ်နေတဲ့ဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၂၀၁၃ ခုနှစ်ကတည်းက အွန်လိုင်းမှာ ပျံ့နှံ့နေတာ ဖြစ်ပါတယ်။

ဒီဓာတ်ပုံကို ၂၀၁၃ ခုနှစ်မှာ ဂျွန်စီးနာဆုံးပါးသွားတယ်ဆိုတဲ့ သတင်းအမှားကို တုံ့ပြန်ထားတဲ့ ဘလောခ့်ပို့စ် မှာတင်ထားတာကို AFP ကတွေ့ရှိခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ ဓာတ်ပုံ (ဘယ်) နဲ့ ဘလော့ခ်ပို့စ်ကဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ဓာတ်ပုံ (ဘယ်) နဲ့ ဘလော့ခ်ပို့စ်ကဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot

ဒွိန်းဂျွန်ဆင်

“The Rock” လို့လူသိများတဲ့ ဒွိန်းဂျွန်ဆင် အခေါင်းတစ်ခုနားမှာရပ်ကြည့် နေတဲ့ ဓာတ်ပုံဟာ၂၀၂၀ ခုနှစ်က သူ့ဖခင်ရဲ့ စျာပနာ အခမ်းအနားမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။

ဗြိတိန်နိုင်ငံရဲ့ The Sun သတင်းစာက ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ ဒီဓာတ်ပုံကို “Fast & Furious” ရုပ်ရှင်သရုပ်ဆောင်ရဲ့ ဖခင် နပန်းသမား Rocky Johnson ရဲ့ စျာပနမှာ သူရဲ့ဖခင်ကို ချီးမွမ်းပြောကြားခဲ့တဲ့ အကြောင်း ရေးသားထားတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

“ဒွိန်းဂျွန်ဆင်မှသူ၏ဖခင်ရဲ့ ရင်ဘတ်ကို ကိုင်တွယ်ရင်း နောက်ဆုံးအကြိမ်အနေနဲ့ နှုတ်ဆက်” ဆိုပြီးစာသားကို ဓာတ်ပုံနဲ့ အတူတကွဖော်ပြထားပါတယ်။

နားလည်မှုလွဲစေတဲ့ ဓာတ်ပုံ (ဘယ်) နဲ့ မူရင်းဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ဓာတ်ပုံ (ဘယ်) နဲ့ မူရင်းဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot

စျာပန အခမ်းအနား

စျာပနာ အခမ်းအနားတစ်ခုကိုပြတဲ့ နောက်ဆုံး ဓာတ်ပုံကိုတော့ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှာ ဆုံးပါးခဲ့တဲ့ နိုင်ငံသားအခွင့်အရေး တက်ကြွလုပ်ရှားသူအဖြစ် ကျော်ကြားတဲ့ John Lewis ရဲ့ စျာပနာ အခမ်းအနားက ဖြစ်ပါတယ်။

ဒီဓာတ်ပုံကို AP က “John Lewis ရဲ့ စျာပနာ အခမ်းအနားကို Fox သတင်းကြည့်ရှုသူတွေ ရှောင်ရှား” ဆိုတဲ့ ခေါင်းစဥ်နဲ့ ဆောင်းပါးတစ်ခုမှာ ဖော်ပြခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ ဓာတ်ပုံ (ဘယ်) နဲ့ မူရင်းဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ဓာတ်ပုံ (ဘယ်) နဲ့ မူရင်းဓာတ်ပုံ (ညာ) ကို နှိုင်းယှဥ်ထားတဲ့ Screenshot

AFP က Elon Musk နဲ့ Rowan Atkinson တို့အပါအဝင် အခြားနာမည်ကြီး သူတွေရဲ့ သေဆုံးမှု လုပ်ကြံသတင်းတွေကို ယခင်ကလည်း တုံ့ပြန်တင်ပြခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ