ဒီဓာတ်ပုံတွေဟာ ၂၀၁၇ တုန်းက ရိုဟင်ဂျာကျေးရွာမီးရှို့ခံရကြောင်းသတင်းတွေမှာ ပါဝင်တဲ့ပုံတွေဖြစ်

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတစ်ခုဖြစ်တဲ့ ကနီမြို့မှာ တပ်မတော်က နေအိမ်တွေကို မီးရှို့တာလို့ဆိုထားတဲ့အဆိုနဲ့အတူ ဓာတ်ပုံလေးပုံကို Facebook မှာ အကြိမ်ရေထောင်နဲ့ချီ မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ နားလည်မှုလွဲစေပါတယ်။ ဒီဓာတ်ပုံတွေဟာ ရိုဟင်ဂျာကျေးရွာတွေကို တပ်မတော်က မီးရှို့တယ်လို့ဆိုထားတဲ့သတင်းတွေမှာ ၂၀၁၇ ခုနှစ်ကတည်းက ပါဝင်နေတာဖြစ်ပါတယ်။

ဒီဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်က တင်ထားတာတွေ့ရပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၂၃၀၀၀ ကျော် ရှိနေပါတယ်။

နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၂ က ရယူထားတဲ့ screenshot

ဓာတ်ပုံတွေနဲ့ တွဲတင်ထားတဲ့စာသားတချို့ကတော့ အခုလိုဖြစ်ပါတယ်။

“18.08.2021 ညက ကနီမြို့နယ် စဖိုကြီးကျေးရွာတွင်
စစ်ကောင်စီတပ်များဝင်ရောက်လုယက်ကာ ရွာမီးရှို့သွားပါတယ်
ဖုန်းနဲ့ပိုက်ဆံတွေလည်း လုယူသွား
ဗိုက်ကြီးသည်တယောက်ခြေထောက် သေနတ်ထိမှန်” (မူရင်းသတ်ပုံအတိုင်း)

ကနီဟာ စစ်ကိုင်းတိုင်းမှာရှိတဲ့မြို့နယ်တစ်ခုဖြစ်ပြီး တပ်မတော်အာဏာရယူလိုက်တဲ့ဖေဖော်ဝါရီလနောက်ပိုင်း ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြတဲ့မြို့နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီအကြောင်းကို ဧရာဝတီသတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ဇူလိုင်လအတွင်း ကနီမြို့မှာ အလောင်း ၄၀ တွေ့ရှိခဲ့ပြီးနောက်ပိုင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက နစကအစိုးရကျူးလွန်တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအဖြစ် ကုလသမဂ္ဂကို တင်ပြခဲ့ပါတယ်။ အဲဒီလိုဖြစ်စဉ်ပေါ်ပေါက်ပြီးနောက်ပိုင်းမှာ နားလည်မှုလွဲစေတဲ့ပို့စ်တွေ တက်လာတာဖြစ်ပါတယ်။

အဲဒီဓာတ်ပုံတွေကို ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ အလားတူပြောဆိုမှုတွေနဲ့အတူ တင်ထားတာတွေ့ရပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာသားတွေဟာ နားလည်မှုလွဲစေပါတယ်။

ပထမဓာတ်ပုံ

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပထမဓာတ်ပုံကို ဘင်္ဂလားဒေ့ရှ်သတင်းဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ The Independent သတင်းရဲ့ ဒီလင့်ခ်မှာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၁၅ တုန်းက တင်ထားတာ တွေ့ရပါတယ်။

သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ရိုဟင်ဂျာကျေးရွာများ မီးရှို့ခံရသည့် ဂြိုလ်တုဓာတ်ပုံ”

ဆောင်းပါးပါ စာသားအချို့ကတော့ အခုလိုပါ။ “လွတ်ငြိမ်းချမ်းသာခွင့်ပေးရေးနိုင်ငံတကာအဖွဲ့ (Amnesty International) က ဂြိုလ်တုဓာတ်ပုံတွေကို ထုတ်ပြန်လိုက်ပါတယ်။ ဓာတ်ပုံတွေမှာ မြန်မာနိုင်ငံအနောက်ပိုင်းဒေသက ရိုဟင်ဂျာကျေးရွာတွေကို မီးရှို့ဖို့စနစ်တကျဇာတ်တိုက်ထားတဲ့ကမ်ပိန်းတစ်ရပ်လို့လည်း ဘီဘီစီသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်”

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပါဓာတ်ပုံ (ဘယ်) နဲ့ the Independent ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ Facebook ပါဓာတ်ပုံ (ဘယ်) နဲ့ the Independent ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ဒုတိယဓာတ်ပုံ

ထပ်ပြီးဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒုတိယဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လတုန်းက ဘလော့ဂ်တစ်ခုရဲ့ ဒီလင့်ခ်မှာ လူတိုင်းကြည့်ရှုဖို့မသင့်လျော်တဲ့တခြားဓာတ်ပုံတွေနဲ့အတူ တွဲတင်ထားတာတွေ့ရပါတယ်။

ဘလော့ဂ်ပို့စ်ရဲ့ ခေါင်းစဉ်စာသားက အခုလိုဖြစ်ပါတယ်။ “စစ်ကောင်စီတပ်များဝင်ရောက်ပြီး ကနီမြို့နယ် စဖိုကြီးကျေးရွာအခြေအနေ” (မူရင်းသတ်ပုံအတိုင်း)

ဒီဓာတ်ပုံဟာ စဖိုကြီးကျေးရွာမှာ တကယ်တမ်းရိုက်ကူးခဲ့တဲ့ပုံဟုတ်၊ မဟုတ်ဆိုတာတော့ AFP က သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဘလော့ဂ်ပို့စ်ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်က ရယူထားတဲ့ screenshot

တတိယဓာတ်ပုံ

ထပ်မံပြီးဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ တတိယဓာတ်ပုံကို Clarion India ဆိုတဲ့အွန်လိုင်းသတင်းဆိုဒ်တစ်ခုရဲ့ ဒီလင့်ခ်မှာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်က တင်ထားတာ တွေ့ရပါတယ်။

သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “မြန်မာရှိ ရိုဟင်ဂျာကျေးရွာများ မီးရှို့ခံနေရဟု လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ဆို”

ဆောင်းပါးပါ စာသားအချို့က အခုလိုပါ။ “ရခိုင်ပြည်နယ်က ထပ်မံရရှိတဲ့ ဂြိုလ်တုဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေအရ ရိုဟင်ဂျာကျေးရွာတွေကနေ မီးခိုးတွေထွက်နေတာမြင်ရပြီး အဲဒီဒေသမှာ တပ်မတော်စစ်ဆင်ရေးတွေ ရပ်လိုက်ပြီဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ပြောဆိုထားတာနဲ့ ကွဲလွဲနေပါတယ်လို့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုပါတယ်”

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ Clarion India မှာဖော်ပြထားတဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ Clarion India မှာဖော်ပြထားတဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ထားတဲ့ screenshot

စတုတ္ထဓာတ်ပုံ

နောက်ထပ် ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ရိုက်တာသတင်းဌာနရဲ့ ဒီလင့်ခ်မှာ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်က တင်ထားတာ တွေ့ရပါတယ်။

သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ရိုဟင်ဂျာများအပေါ် နှိမ်နင်းမှုကြောင့် မြန်မာတပ်မတော်ကို အမေရိကန် အရေးယူပိတ်ဆို့”

ဓာတ်ပုံရည်ညွှန်းစာက အခုလိုပါ။ “လွန်ခဲ့တဲ့နှစ်ရက်က မြန်မာနယ်စပ်ဖြတ်ကျော်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ ဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့ခွင့်ပြုချက်ရရှိပြီးနောက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကောက်ဘဇာက ဒုက္ခသည်စခန်းတွေဆီကို လမ်းလျှောက်သွားနေကြတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁၉ REUTERS/Jorge Silva/File Photo”

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ရိုက်တာသတင်း (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ရိုက်တာသတင်း (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot
MYANMAR MILITARY COUP