မြန်မာနိုင်ငံက အမျိုးသမီး PDF အဖွဲ့ဝင်တွေ စစ်ရေးလေ့ကျင့်နေပုံလို့ဆိုတဲ့ အဆိုမှားနဲ့ ၂၀၂၀ ခုနှစ်က ဓာတ်ပုံဟောင်းတစ်ချို့ ပျံ့နှံ့
စစ်ရေးလေ့ကျင့်တဲ့ဝတ်စုံဝတ် အမျိုးသမီးတွေရဲ့ ဓာတ်ပုံသုံးပုံကို မြန်မာနိုင်ငံမှာ တပ်မတော်အာဏာသိမ်းမှု ဖြစ်ပွားပြီးတဲ့နောက်ပိုင်း စစ်တပ်ကိုဆန့်ကျင်ဖို့ လေ့ကျင့်နေကြတဲ့ အမျိုးသမီးငယ်တွေဆိုတဲ့ အဆိုနဲ့အတူ Facebook နဲ့ ဘလော့ဂ်စာမျက်နှာတွေမှာ မျှဝေနေကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ ဒီဓာတ်ပုံတွေကို လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ်ကတည်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာတွေ့ရပါတယ်။
ဒီဓာတ်ပုံတွေကို Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး ပြန်လည်မျှဝေမှုအကြိမ်ပေါင်း ၁၃၀၀ ကျော်ရှိနေပါတယ်။
“နုနယ်ငယ်ရွယ်ပေမယ့် ယောကျာ်းလေးတွေနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်နိုင်ဖို့အတွက် အပြင်းအထန် လေ့ကျင့်နေကြ တဲ့ အာဂသတ္တိ မိန်းကလေးများ” (မူလသတ်ပုံအတိုင်း) ဆိုပြီး ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့မှာ မျှဝေထားတဲ့ ပို့စ်မှာ ဆိုထားပါတယ်။
အဲဒီ Facebook ပို့စ်မှာ ချိတ်ဆတ်ထားတဲ့ ဆောင်းပါးထဲမှာတော့ ဒီလိုပဲရေးသားထားတာ တွေ့ရပါတယ်။
“တောထဲဝင်ပြီး လေ့ကျင့်နေကြတဲ့ PDF လူငယ်တွေထဲမှာ ပညာတတ်တွေများစွာပါဝင်နေပြီး ယောက်ျားလေးတွေသာမက မိန်းကလေးတွေကလည်းရဲရင့်နေကြတာဖြစ်ပါတယ်။” (မူရင်းသတ်ပုံအတိုင်း)

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို ဖျက်သိမ်းပြီး တပ်မတော်အာဏာသိမ်းယူခဲ့တဲ့ ဖေဖော်ဝါရီလက စလို့ မြန်မာနိုင်ငံမှာ မငြိမ်မသက်မှုတွေ နေ့စဥ်ကြုံတွေ့နေရပါတယ်။
ဒီမိုကရေစီလိုလားသူတွေရဲ့ ဆန္ဒထုတ်ဖော်မှုတွေကို တပ်မတော်က အကြမ်းဖက်နှိမ်နှင်းမှုတွေဖြစ်ပွားခဲ့တဲ့နောက်မှာ အာဏာသိမ်းဆန့်ကျင်ပြည်သူတွေက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို ဖွဲ့စည်းခဲ့ကြပါတယ်။
တူညီတဲ့ ပြောဆိုမှုတွေနဲ့ ဒီဓာတ်ပုံတွေကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဘလောဂ့်ပို့စ် ဒီလင့်ခ် နဲ့ ဒီလင့်ခ်မှာ တွေ့နိုင်ပါတယ်။
ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။
Google မှာ ဓာတ်ပုံရာဇဝင် ရှာကြည့်တဲ့အခါမှာ ဒီဓာတ်ပုံတွေကို ၂၀၂၀ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားတာတွေ့ရပါတယ်။
အောက်မှာ အထင်အမြင်လွဲစေတဲ့ ပို့စ်ကဓာတ်ပုံ (ဘယ်) ကို ၂၀၂၀ ခုနှစ်က Facebook ပို့စ်ကပုံ (ညာ) နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို တွေ့နိုင်ပါတယ်။

ဒီပို့စ်နဲ့အတူ “SHAN/SNA #TaiYaiစစ်သား” ဆိုတဲ့ စာသားကိုလည်း အတူတကွတွေ့ရပါတယ်။
တိုင်ယိုင် ဆိုတာကတော့ မြန်မာနိုင်ငံမြောက်ပိုင်းမှာနေထိုင်တဲ့ ရှမ်းလူမျိုးစုကို ဆိုလိုတာဖြစ်ပါတယ်။
SNA ကတော့ ရှမ်းနီအမျိုးသားများတပ်မတော် (Shanni Nationalities Army) ကိုရည်ညွန်းတာဖြစ်ပါတယ်။ ဒီအဖွဲ့ အကြောင်းကို ဧရာဝတီရဲ့ ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။
ဒေသတွင်းက လက်နက်ကိုင်အဖွဲ့အစည်းအကြောင်းကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှာ ဖော်ပြထားတဲ့ ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။
တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြားက လက်နက်ကိုင်ပဋိပက္ခတွေ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတာ ဆယ်စုနှစ်များစွာ ရှိနေပါပြီ။
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက အမျိုးသမီးတပ်ဖွဲ့ဝင်တွေ စုဆောင်းလေ့ရှိပြီး ဒီအဖွဲ့အစည်းတွေမှာ အမျိုးအမီးတွေရဲ့ ပါဝင်မှုကို AFP ရဲ့ ဒီဆောင်းပါးမှာ တွေ့နိုင်ပါတယ်။