ဒီဓာတ်ပုံဟာ၂၀၁၉ ခုနှစ်က ကယ်လီဖိုးနီယားမှာ အမေရိကန်မရိန်းတပ်ဖွဲ့ယာဉ်မီးလောင်တဲ့ သတင်းတွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံဟောင်းသာ ဖြစ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 18 အောက်တိုဘာ 2021 အချိန် 08h58
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP Thailand
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလထဲ တပ်မတော်ယာဉ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဓာတ်ပုံဖြစ်တယ်လို့ ပြောဆိုထားတဲ့ ပုံတစ်ပုံကို Facebook ပို့စ်တော်တော်များများမှာ မျှဝေထားကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ တကယ်တမ်း ဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်က ကယ်လီဖိုးနီးယားပြည်နယ်မှာ မရိန်းစစ်တပ်ယာဉ်တစ်စီး ပေါက်ကွဲမီးလောင်ခဲ့တဲ့အကြောင်း ရေးသားထားတဲ့ သတင်းတွေမှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး အကြိမ်ရေ ၈၀၀ ကျော် ပြန်လည်မျှဝေခဲ့ကြပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို အောက်တိုဘာ ၁၅ ရက်က ရိုက်ယူခဲ့တဲ့ screenshot

အဲဒီဓာတ်ပုံဟာ မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီးထဲက မုံရွာမြို့နယ်မှာ မြန်မာတပ်မတော်ယာဉ်တွေ မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ပုံဖြစ်တယ်လို့ အဲဒီပို့စ်မှာ ဆိုထားပါတယ်။

ဓာတ်ပုံနဲ့အတူ တွဲပြီးရေးထားတဲ့ စာသားကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

“ဒါကတော့ လတ်တလော မုံရွာ ခွေးကား 7စီး ထဲ က 5စီး မိုင်း ထိ တဲ့ ဓါတ်ပုံလေးပါ မလှဘူးလား မကြာခင်ပွဲအရေအတွက်သိရမှာပါ #credit” (မူရင်းသတ်ပုံအတိုင်း)

“ခွေးကား” ဆိုတာ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ယာဉ်တွေကို စစ်တပ်ကအာဏာရယူမှုကို ဆန့်ကျင်သူတွေက အင်တာနက်လူမှုကွန်ရက်ပေါ်မှာ နှိမ်ချခေါ်ဆိုတဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးမှာ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်က တပ်မတော်နဲ့ အာဏာသိမ်းမှုဆန့်ကျင်သူတွေအကြား ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တဲ့အကြောင်း မြန်မာအခြေစိုက် သတင်းဌာနတွေက ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။ အဲဒီဖြစ်ရပ်တွေနောက်ပိုင်းမှာ နားလည်မှုလွဲစေတဲ့ဓာတ်ပုံ ပျံ့နှံ့လာခဲ့တာပါ။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖယ်ရှားပြီး တပ်မတော်က အာဏာရယူခဲ့တဲ့နောက် မြန်မာနိုင်ငံမှာ ကမောက်ကမအခြေအနေတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီ AFP သတင်းမှာ ဖော်ပြခဲ့သလို ဖယ်ရှားခံရတဲ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ အစိုးရတစ်ရပ် ဖွဲ့စည်းပြီး စစ်တပ်ကို ပြန်လည်တိုက်ခိုက်ဖို့ “ပြည်သူ့ကာကွယ်ရေးတပ်”တွေကို မြို့နယ်တော်တော်များများမှာ ဖွဲ့စည်းခဲ့ကြပါတယ်။

အလားတူ ပြောဆိုမှုတွေကို Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။

ဒါပေမဲ့ အဲဒီအဆိုက မှားယွင်းပါတယ်။

အဓိကကျတဲ့စကားလုံး (keywords) တွေ အသုံးပြုပြီး ရှာဖွေကြည့်တဲ့အခါ တစ်ထေရာတည်းတူညီတဲ့ဓာတ်ပုံကို ကယ်လီဖိုးနီယားအခြေစိုက်သတင်းဌာနတစ်ခုဖြစ်တဲ့ 10 News San Diego ရဲ့ သတင်းတစ်ခုမှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၆ ရက်က ဖော်ပြခဲ့တာတွေ့ရပါတယ်။

အဲဒီသတင်းရဲ့ တစ်ပိုင်းတစ်စမှာ “အမေရိကန် မရိန်းတပ်ဖွဲ့ယာဉ်တစ်စီးဟာ Oceanside မှာ ရှိတဲ့ Interstate 5 လမ်းကြောင်းပေါ်မှာ သောကြာနေ့ နေ့လယ်က မီးလောင်ကျွမ်းခဲ့ပြီး ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်ခဲ့ပါတယ်။”

“အသေးစားပေါက်ကွဲမှုတွေနဲ့အတူ စစ်ကားတစ်စီး မီးလောင်နေတဲ့အကြောင်း မျက်မြင်တစ်ယောက်က နေ့လယ် ၁ နာရီမှာ သတင်းပို့ခဲ့တယ်လို့ Oceanside မီးသတ်တပ်ဖွဲ့အကြီးအကဲ Pete Lawrence က ဆိုပါတယ်” လို့ ရေးထားပါတယ်။

Image
10 News San Diego သတင်းကို အောက်တိုဘာ ၁၅ ရက်က ရိုက်ယူခဲ့တဲ့ screenshot

နားလည်မှုလွဲစေတဲ့ ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ 10 News San Diego သတင်းထဲက ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot ကို အောက်မှာ တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ 10 News San Diego သတင်းထဲက ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဥ်ပြထားတဲ့ Screenshot

အဲဒီဓာတ်ပုံနဲ့ ကိုက်ညီတဲ့ဗီဒီယိုတစ်ခုကိုလည်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်က Twitter ပေါ်မှာ တင်ခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ