
ဒီဓာတ်ပုံဟာ ၂၀၁၃ ခုနှစ်တုန်းက ထိုင်းနိုင်ငံမှာ ဗုံးခွဲတိုက်ခိုက်မှုအကြောင်းဖြစ်ပြီး မြန်မာမှာ ၂၀၂၁ အတွင်းဖြစ်တဲ့ပုံမဟုတ်
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 23 ဒီဇင်ဘာ 2021 အချိန် 04h24
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
အဲဒီဓာတ်ပုံကို Facebook ရဲ့ ဒီလင့်ခ်မှာ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်က တင်ထားပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၄၀ ကျော် ရှိခဲ့ပါတယ်။

ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာသားအချို့က အခုလိုဖြစ်ပါတယ်။
“အာရှလမ်းမိုငိးဆွဲတာ BGF နဲ့ စစ်တပ်တွေ ကယ်ကြပါအုံး အုခ်..”
လေးကေကော်မှာ မြန်မာတပ်မတော်နဲ့ KNU အကြား ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက်က ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်ပြီးနောက်မှာ ဒီဓာတ်ပုံပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒီအကြောင်းကို AFP က ဒီလင့်ခ်မှာ သတင်းရေးသားထားပါတယ်။ လေးကေကော်ကာ ထိုင်းနယ်စပ်က မြန်မာမြို့နယ်တစ်ခုဖြစ်ပါတယ်။
တူညီတဲ့ဓာတ်ပုံကို အလားတူပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ် တွေမှာ တင်ထားပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၅၀ ကျော် ရှိခဲ့ပါတယ်။
ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းပါတယ်။
Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို ထိုင်းပြည်တွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Isranews Agency ရဲ့ ဒီလင့်ခ်မှာ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၉ ရက်က တင်ထားတာတွေ့ရပါတယ်။

ထိုင်းဘာသာစကားနဲ့ ရေးသားထားတဲ့ခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “စစ်ကားဗုံးပေါက်၊ စစ်သားရှစ်ဦး သေဆုံး”
ထိုင်းသတင်းပါစာသားတချို့ကတော့ အခုလိုပါ။ “မသမာသူတွေက စနက်တံဖြုတ်ဗုံးခွဲခဲ့တာကြောင့် Krongpinang ခရိုင်၊ အမှတ် ၁၃ အထူးတပ်ဖွဲ့က စစ်သည်တွေ သေဆုံးခဲ့ပါတယ်။ စစ်သည်တွေဟာ သူတို့တာဝန်ချိန်ပြီးလို့ တာဝန်လဲပြီး စစ်တန်းလျားကို ပြန်လာနေကြတဲ့အချိန်မှာ မော်တော်ယာဉ်ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။ ပေါက်ကွဲမှုမှာ စစ်သည်ရှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ပေါက်ကွဲမှုမှာ အရပ်သားတစ်ဦးလည်း သေဆုံးခဲ့ပါတယ်”
Krongpinang ဟာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ယာလာပြည်နယ်က ခရိုင်တစ်ခုဖြစ်ပါတယ်။
အဲဒီဓာတ်ပုံကိုပဲ ထိုင်းရုပ်သံဌာနတစ်ခုဖြစ်တဲ့ PBS ရဲ့ ဒီလင့်ခ်မှာ အလားတူဗုံးသတင်းနဲ့အတူ တွဲတင်ထားတာ တွေ့ရပါတယ်။
Krongpinang ခရိုင်က စခန်းတစ်ခုမှာ ညကင်းတာဝန်ထမ်းဆောင်ပြီးတဲ့ စစ်သည်တွေကို တင်ဆောင်လာတဲ့ စစ်ကားတစ်စီး လမ်းပေါ်မှာဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် ပျက်စီးခဲ့တဲ့အပြင် စစ်သည်ရှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တဲ့အကြောင်း ၂၀၁၃ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့တုန်းကလည်း AFP ရဲ့ ဒီလင့်ခ်မှာ ဖော်ပြခဲ့ဖူးပါတယ်။
AFP ရဲ့သတင်းမှာ ဖော်ပြထားတဲ့ဓာတ်ပုံကတော့ အခင်းဖြစ်စဉ်ရဲ့ အခြားရှုထောင့်တစ်ဖက်ကနေ ရိုက်ကူးထားတာဖြစ်ပြီး ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့နိုင်ပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ဓာတ်ပုံ (ဘယ်) နဲ့ AFP ရဲ့ဓာတ်ပုံတစ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။ ဓာတ်ပုံတွေမှာ တူညီတဲ့အစိတ်အပိုင်းတွေကို AFP က အရောင်တွေနဲ့အတူ တိုက်ဆိုင်ပြီးယှဉ်ပြထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်