
ထိုင်းနိုင်ငံက မြန်မာစစ်ဘေးရှောင်တွေကို နေရာရွှေ့ပြောင်းပေးတဲ့သတင်းကဓာတ်ပုံ ဖြစ်ပါတယ်
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 05 ဇန်နဝါရီ 2022 အချိန် 10h34
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
အဲဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ မျှဝေခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံပါဝင်တဲ့ပို့စ်ကို အကြိမ်ရေ ၁,၀၀၀ ကျော် ပြန်လည်မျှဝေခဲ့ကြပါတယ်။

ဓာတ်ပုံနဲ့အတူ “ ဖရူးဆိုမြို့မှာ စစ်ရှောင်ပြည်သူ ၃၅ ယောက် မီးရှို့အသတ်ခံရလုဆဲဆဲ နောက်ဆုံးရဓါတ်ပုံဖြစ်ပါတယ်” ဆိုပြီး ရေးသားထားပါတယ်။
“ကားက Save the Children ဝန်ထမ်းတစ်ဦးက ပြည်သူတွေကို ကယ်ဆယ်ဖို့ယူလာတဲ့ကားပါ။ကလလတ [ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး] လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄ ဦးကလည်း ပြည်သူတွေကို လာကယ်ထုတ်နိုင်ဖို့ ညှိနှိုင်းတာပါ။ အဲ့ဒီမှာ [စစ်တပ်]က လေးယောက်လုံးကို အရင်ပစ်သတ်ပါတယ်။ နောက်ဆုံးမှာ ကားပေါ်က ကလေးတွေရော ပြည်သူတွေရော အကုန်လုံးကို ပစ်သတ်ပြီး မီးရှို့လိုက်တာပါ။ [စစ်တပ်ပြောရေးဆိုခွင့် ရှိသူ]က ဘယ်လိုလိမ်လိမ် ဒီကိစ္စ မကြာခင်မှာ အထောက်အထားတွေ အများကြီးထွက်လာပါလိမ့်မယ်။ crd”
ဒီ AFP သတင်းမှာ ဖော်ပြခဲ့သလို ဒီဇင်ဘာ ၂၄ ရက်က ကယားပြည်နယ်၊ ဖရူဆိုမြို့အနီးမှာ အမျိုးသမီးနဲ့ကလေးငယ်တွေ ပါဝင်တဲ့ လူပေါင်း ၃၀ ကျော်ရဲ့ မီးလောင်ကျွမ်းထားတဲ့ရုပ်အလောင်းတွေကို မီးရှို့ခံထားရတဲ့ကားတွေပေါ်မှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ မြန်မာစစ်တပ်ရဲ့လက်ချက်ပဲလို့ စောင့်ကြည့်လေ့လာတဲ့အဖွဲ့တစ်ခုနဲ့ အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့လက်နက်ကိုင်အဖွဲ့တစ်ခုက ပြောဆိုထားပါတယ်။
အစိုးရမဟုတ်တဲ့နိုင်ငံတကာအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Save the Children ကလည်း သတ်ဖြတ်ခံရသူတွေထဲမှာ ၎င်းတို့ ဝန်ထမ်းနှစ်ဦးလည်း ပါဝင်တယ်လို့ အတည်ပြုထုတ်ပြန် ထားပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီး နိုင်ငံတွင်း မတည်မငြိမ်မှုတွေ စတင် ဖြစ်ပေါ်ခဲ့ပါတယ်။ ဒေသတွင်းလေ့လာစောင့်ကြည့်တဲ့အဖွဲ့တစ်ခုရဲ့ အဆိုအရ လူ ၁,၃၀၀ ကျော် သေဆုံးခဲ့ပြီလို့ ဆိုပါတယ်။
နားလည်မှုလွဲစေတဲ့ပို့စ်မှာ ပါဝင်တဲ့ ဓာတ်ပုံကို တူညီတဲ့ပြောဆိုမှုနဲ့အတူ Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်၊ နောက်ပြီး Twitter ရဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့ထားကြပါတယ်။
ဒါပေမဲ့ ဒီအဆိုဟာ မှားပါတယ်။
Google ပေါ်မှာ အဲဒီဓာတ်ပုံရဲ့ ရာဇဝင်ကို ရှာဖွေကြည့်တဲ့အခါမှာတော့ အဲဒီဓာတ်ပုံကို ဒီဗွီဘီ သတင်းဌာနရဲ့ ဒီသတင်းမှာ ဒီဇင်ဘာ ၂၅ ရက်က ဖော်ပြထားတာ တွေ့ရပါတယ်။
အဲဒီသတင်းကတော့ ခရစ်စမတ်နေ့တုန်းက ထိုင်းနိုင်ငံနယ်စပ်က ကျောင်းတစ်ကျောင်းမှာ ခေတ္တခိုလှုံနေကြတဲ့ မြန်မာနေရပ်စွန့်ခွာသူတွေကို ထိုင်းအစိုးရက ၉၀ ကီလိုမီတာကွာဝေးတဲ့ နောက်ထပ်ဒုက္ခသည်စခန်းတစ်ခုဆီ ရွှေ့ပြောင်းနေရာချထားပေးတဲ့အကြောင်းပဲ ဖြစ်ပါတယ်။
AFP ရဲ့ ဒီသတင်းမှာ ဖော်ပြခဲ့သလို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်က ထိုင်း-မြန်မာ နယ်စပ်အနီး မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုအကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နောက် ရာနဲ့ချီတဲ့ မြန်မာတွေ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေကြရပါတယ်။

အဲဒီဓာတ်ပုံကို ဒီဗွီဘီသတင်းထောက်တစ်ဦးက ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၂၅ ရက်က ရိုက်ကူးခဲ့တာဖြစ်တယ်လို့ ဒီဗွီဘီရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုပြည့်စုံက AFP ကို အတည်ပြုပြောဆိုပါတယ်။
“အဲဒီဓာတ်ပုံကို ကျွန်တော်တို့ရဲ့ ဒီဗွီဘီသတင်းထောက်က ထိုင်းနိုင်ငံမှာ ရိုက်ကူးခဲ့တယ်ဆိုတာ အတည်ပြုနိုင်ပါတယ်” လို့ သူက ပြောပါတယ်။
“အဲဒီစစ်ဘေးရှောင်တွေကို ထိုင်းနိုင်ငံထဲက အခြားတစ်နေရာကို ပို့ဆောင်ပေးနေတာပါ” လို့ သူက ဆိုပါတယ်။
ဒီဗွီဘီရဲ့သတင်းခေါင်းစဉ်မှာလည်း “ထိုင်းနယ်စပ်ရောက် စစ်ဘေးရှောင်များကို တနေရာတည်းဖြစ်စေရန် နေရာရွှေ့ပြောင်း” ဆိုပြီး ရေးသားထားပါတယ်။
သတင်းမှာ တစ်စိတ်တစ်ပိုင်း ရေးသားထားတာကတော့ “ကရင်ပြည်နယ်၊ လေးကေ့ကော်တိုက်ပွဲဖြစ်ပြီးနောက် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မဲ့သောင်ကန်ရပ်ကွက် စာသင်ကျောင်းမှာ ခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင်တွေကို ဒီဇင်ဘာ ၂၅ ရက် မနက်က ဖုတ်ဖရမြို့နယ် မဟာဝမ်းတိုက်နယ် မဲ့ကုကင်းကျေးရွာအနီးရှိ စစ်ရှောင်ယာယီစခန်းကို ပြောင်းရွှေ့ပေးထားပါတယ်”
“မဲ့သောင်ကန် စာသင်ကျောင်းမှ စစ်ရှောင်သူ ၁၃၀၂ ယောက်ကို ကနဦး မော်တော်ယာဉ်ကားကြီးတွေနဲ့ ပထမအသုတ် ၄ စီးပို့ဆောင်ပေးခဲ့ပြီး ကျန်ရှိသူကိုတော့ တဖြည်းဖြည်း ပြောင်းပေးနေတာလို့ ထိုင်းစစ်တပ်နဲ့ နီးစပ်သူ တဦးက ပြောပါတယ်” လို့ ဒီဗွီဘီသတင်းက ဆိုပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါ ဓာတ်ပုံ (ဘယ်) နဲ့ ဒီဗွီဘီရဲ့ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ အမျိုးသားရဲတပ်ဖွဲ့ရဲ့ တရားဝင် Facebook စာမျက်နှာပေါ်က ဒီပို့စ်မှာ မြန်မာဒုက္ခသည်တွေကို ရွှေ့ပြောင်းပေးခဲ့တဲ့အကြောင်း ဖော်ပြခဲ့ပါတယ်။ DVB သတင်းမှာ ရေးသားထားသလို ဒုက္ခသည်တွေကို ထိုင်မြန်မာနယ်စပ် အရှေ့ဘက်ကိုတင်ဆောင်ခဲ့ပြီး ကီလိုမီတာ ၉၀ ကွာဝေးတဲ့စခန်းတစ်ခုမှာ နေရာချထားပေးခဲ့တယ်လို့ အဲဒီပို့စ်မှာ ဖော်ပြပါတယ်။
မဲ့သောင်ကန်ရပ်ကွက် စာသင်ကျောင်းမှာခိုလှုံနေတဲ့ မြန်မာစစ်ရှောင် ၁,၃၀၂ ဦးကို ထိုင်းအာဏာပိုင်တွေက တက်ခ်ပြည်နယ်၊ မဲဆောက်ခရိုင်၊ မဟာဝမ်းတိုက်နယ်က လုံခြုံတဲ့နေရာတစ်ခုဆီ ရွှေ့ပြောင်းပေးခဲ့တယ်လို့ ထိုင်းနိုင်ငံ၊ အမျိုးသားရဲတပ်ဖွဲ့ရဲ့ Facebook ပို့စ်မှာ ဖော်ပြခဲ့ပါတယ်။
သူတို့ကို ပို့ဆောင်ခဲ့တဲ့လမ်းကြောင်းကို ဒီလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်