COVID-19 ထိုးဆေးကို အမျိုးသားလိင်အင်္ဂါထဲထိုးဖို့ ဆရာဝန်တွေတိုက်တွန်းတယ်ဆိုတဲ့သတင်းမှား

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

အမျိုးသားလိင်အင်္ဂါထဲ COVID-19 ဆေးထိုးဖို့ ဆရာဝန်တွေတိုက်တွန်းတယ်ဆိုတဲ့ပြောဆိုမှုတစ်ခုကို မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြားမှာ အကြိမ်ပေါင်းများစွာ ပြန်လည်မျှဝေခဲ့ကြပါတယ်။ အဲဒီပို့စ်တွေမှာ အမေရိကန်သတင်းဌာနတစ်ခုဖြစ်တဲ့ CNN က သတင်းဆိုပြီး screenshot တစ်ခုကို ပြန်လည်မျှဝေနေကြတာပါ။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းပါတယ်။ ပို့စ်တွေမှာပါတဲ့ပုံရိပ်ဟာ ပြန်လည်ပြုပြင်ထားတာဖြစ်ပြီး CNN ကရေးတဲ့သတင်းမဟုတ်ပါဘူး။ COVID-19 ထိုးဆေးကို အမျိုးသားလိင်အင်္ဂါမှာ ထိုးရမယ်လို့ပြောထားတဲ့ ယုံကြည်လောက်တဲ့လေ့လာတွေ့ရှိမျိုးလည်း လက်ရှိအချိန်အထိ မတွေ့ရသေးပါဘူး။ မြန်မာနိုင်ငံ အမျိုးသားအဆင့်ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) ကတော့ ဒီအဆိုဟာ မှားယွင်းတယ်လို့ AFP ကို ပြောပါတယ်။

အဲဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၆၆၀ ကျော် ရှိခဲ့ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့က ရယူထားတဲ့ screenshot

ပို့စ်ပါ စာသားတွေက အခုလိုဖြစ်ပါတယ်။ “COVID-19 ကာကွယ်ဆေးကို အမျိုးသားများ၏ လိင်အင်္ဂါတွင် ထိုးခြင်းသည် ထိရောက်မှု အရှိဆုံး နှင့် ဆေးပြန့်ချိန် အမြန်ဆုံး ဖြစ်ကြောင်း ပြောကြား။” (မူရင်းအတိုင်း)

ပုံထဲမှာ CNN သတင်းလို့ဆိုတဲ့ screenshot တစ်ခု ပါဝင်ပါတယ်။ ပုံထဲမြင်ရတဲ့ ခေါင်းစီးစာသားက အခုလိုပါ။ “အမျိုးသားလိင်အင်္ဂါတွင် COVID-19 ဆေးထိုးရန် ဆရာဝန်များတိုက်တွန်း”

အဲဒါအပြင် ဆေးကို ဘယ်လိုထိုးရမယ်ဆိုတာကိုပြသထားတဲ့ပုံနဲ့အတူ ဆရာဝန်တစ်ဦးကိုပါထည့်သွင်းထားပါသေးတယ်။ 

အဲဒီ screenshot ပုံရိပ်မှာ ပါဝင်တဲ့သတင်းစာသားအချို့ကတော့ အခုဖြစ်ပါတယ်။ “အမျိုးသားလူနာတွေအတွက် ဆရာဝန်တွေ ရှာဖွေတွေ့ရှိခဲ့တာပါ။ အမျိုးသားလိင်အင်္ဂါကနေ ဆေးထိုးရင် တစ်ကိုယ်လုံးကို ဆေးပျံ့ဖို့ အမြန်ဆုံးမို့လို့ဖြစ်ပါတယ်”

“အမျိုးသား ၁၅၀၀ ကို ထိုးဆေးထိုးပေးပြီး လေ့လာခဲ့တဲ့ ကယ်လီဖိုးနီးယားက တက္ကသိုလ်တစ်ခုရဲ့တွေ့ရှိချက်အပေါ် အခြေခံထားတာဖြစ်ပါတယ်”

တူညီတဲ့ပြောဆိုမှုနဲ့ အလားတူပုံရိပ်တွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေခဲ့ကြပါတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းပါတယ်။ 

အဓိကကျတဲ့စကားလုံးပေါင်းများစွာအသုံးပြုပြီးရှာဖွေခဲ့ပေမယ့် CNN ကနေ အဲဒီလိုသတင်းမျိုးတင်ထားတာ မတွေ့ခဲ့ရပါဘူး။ 

CNN ဟာ အရင်ကလည်း သတင်းအတုအယောင်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရခဲ့ဖူးပြီး အဲဒါနဲ့ပတ်သက်လို့ AFP က အချက်အလက်စိစစ်ထားတာကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်က ဆက်သွယ်ရေးဆိုင်ရာမဟာဗျူဟာပညာရှင် Stett Holbrook ကို AFP ကနေ အီးမေးလ်နဲ့ဆက်သွယ်မေးမြန်းတဲ့အခါ “ဒီလိုလေ့လာစမ်းသပ်မှုလုပ်တယ်ဆိုတဲ့ပြောဆိုမှုဟာ အတုအယောင်သာဖြစ်ပါတယ်” လို့ ပြောပါတယ်။ 

အမေရိကန် ရောဂါထိန်းချုပ်ရေးနဲ့ကာကွယ်ရေးဗဟို (CDC) ရဲ့ ဝဘ်ဆိုက်မှာတော့ Pfizer-BioNTech နဲ့ Moderna ထုတ် COVID-19 ထိုးဆေးတွေကို အမျိုးသားနဲ့အမျိုးသမီးတွေရဲ့ လက်မောင်းရင်းကြွက်သား (deltoid muscle) ကနေတစ်ဆင့် ထိုးရမယ်လို့ ဆိုထားပါတယ်။ အဲဒီထုတ်ပြန်ချက်တွေကို CDC ရဲ့ ဝဘ်ဆိုက်မှာ ၂၀၂၁ ခုနှစ်၊ ဇန်ဝါရီလ ၃ ရက်နဲ့ ၄ ရက်နေ့တို့မှာ အသီးသီးတင်ထားတာဖြစ်ပါတယ်။

အွန်လိုင်းမှာပျံ့နှံ့နေတဲ့ အထက်ပါသတင်းအမှားတွေနဲ့ပတ်သက်လို့ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှာ မြန်မာနိုင်ငံ အမျိုးသားအဆင့်ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်းကို AFP က ဆက်သွယ်မေးမြန်းတဲ့အခါ အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ 

“ရောဂါကာကွယ်တဲ့ ဘယ်ထိုးဆေးကိုမှ အမျိုးသားလိင်အင်္ဂါကနေ ထိုးသွင်းရတယ်ဆိုတာမရှိပါဘူး။ ထိုးဆေးဆိုတာဟာ ဘေးအန္တရာယ်ကင်းရှင်းရေးနဲ့ ထိရောက်မှုရှိရေးဆိုတဲ့ အခြေအနေနှစ်မျိုးကို ထည့်သွင်းစဉ်းစားပြီး ဂရုတစိုက် ထုတ်လုပ်ရတဲ့အမျိုးပါ။ ထုတ်လုပ်တဲ့သူတွေက ထိုးဆေးရဲ့ ဘေးထွက်ဆိုးကျိုးကိုလည်း ထည့်သွင်းစဉ်းစားရပါတယ်။ COVID-19 ထိုးဆေးကိုဆိုရင် ကြွက်သားအများဆုံးရှိနေတဲ့ လက်မောင်းရင်းရဲ့ အလယ်ကြွက်သား (deltoid muscle) မှာ ထိုးဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ ကြွက်သားနေရာမှာ ထိုးသွင်းမှ ဒီဆေးက အာနိသင်ရှိပြီး အဆိပ်သင့်မှု နည်းသွားမှာဖြစ်ပါတယ်။ Intramuscular injection (ကြွက်သားထဲဆေးထိုးတာ) ဟာ immune response ကိုပိုကောင်းစေပါတယ်”

COVID-19