ယူကရိန်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ ရုရှားတိုက်လေယာဥ်တွေမဟုတ်ဘဲ လေကြောင်းပြပွဲ လေ့ကျင့်ရေးက ဗီဒီယိုသာဖြစ်

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလထဲမှာ အိမ်နီးချင်း ယူကရိန်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ ရုရှားတိုက်လေယာဥ်တွေဆိုပြီး စစ်လေယာဥ်တွေ လူနေတိုက်ခန်းတွေပေါ်ကိုပျံသန်းနေတဲ့ ဗီဒီယိုတစ်ခုကို ထောင်နဲ့ချီပြန်လည်မျှဝေနေကြပါတယ်။ ဒီဗီဒီယိုဟာ ရုရှားသမ္မတ Vladimir Putin က ယူကရိန်းနိုင်ငံကို ပြင်းထန်တဲ့ မြေပြင်ကျူးကျော်မှုနှင့် လေကြောင်းထိုးစစ် စတင်ဖို့အမိန့်ပေးခဲ့ပြီး နာရီပိုင်းအတွင်းမှာ အခုလိုပျံ့နှံ့လာတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဗီဒီယိုကို မှားယွင်းတဲ့အချက်အလက်တွေနဲ့ မျှဝေနေကြတာဖြစ်ပြီး ရုရှားနိုင်ငံမှာကျင်းပတဲ့ ဒုတိယကမ္ဘာစစ်အောင်ပွဲခံနေ့အထိမ်းအမှတ် လေကြောင်းပြပွဲလေ့ကျင့်ရေး အကြောင်း ရေးထားတဲ့ပို့စ်တွေမှာ ၂၀၂၀ ခုနှစ်ကတည်းက ပျံ့နှံ့နေတာတွေ့ရပါတယ်။

၃၁ စက္ကန့်ကြာချိန်ရှိတဲ့ ဒီဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး ကြည့်ရှုမှုအကြိမ်ပေါင်း ၃၄၀၀ ကျော်ရှိနေပါတယ်။

ဥသြဆွဲသံတွေနဲ့ လူနေတိုက်အိမ်တွေပေါ်ကို လေယာဥ်ဆယ်စီးတစ်ညီတစ်ညာပျံသန်းနေတာကို ဒီဗီဒီယိုထဲမှာ တွေ့ရပါတယ်။

“ယူကရိန်းနိုင်ငံထဲကို ရုရှားဖိုက်တာဂျက်တွေ ဝင်ရောက်
ကိယက်ဗ်၊ ဖေဖော်ဝါရီ ၂၄
ယူကရိန်းနိုင်ငံထဲကို ရုရှားရဲ့ဖိုက်တာဂျက်တွေ ဝင်ရောက်လာကြောင်း ရုပ်သံဖိုင်တွေ ထွက်ပေါ်လာပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် ဒေသစံတော်ချိန် မနက် ၅ နာရီခန့်က စတင်ပြီး ရုရှားဘက်မှ ယူကရိန်းနိုင်ငံထဲကို ကျူးကျော်ဝင်ရောက်တာဖြစ်ပါတယ်။” (မူရင်းသတ်ပုံအတိုင်း) ဆိုပြီး ဒီဗီဒီယိုနဲ့အတူစာသားကို တွေ့ရပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပိုစ့်ရဲ့ Screenshot

တူညီတဲ့ ပြောဆိုမှုနဲ့ ဒီဗီဒီယိုကို Facebook ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားပါတယ်။

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ အိမ်နီးချင်း ယူကရိန်းနိုင်ငံကို စစ်ရေးထိုးစစ်ဆင်ဖို့ ရုရှားသမ္မတ Vladimir Putin က ကြေညာလိုက်ပြီးနာရီပိုင်းအတွင်း အွန်လိုင်းပေါ်မှာ ဒီဗီဒီယို ပျံ့နှံ့လာတာဖြစ်ပါတယ်။

ဒီကြေညာချက်အပြီး သိပ်မကြာမီမှာပဲ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပါတယ်။ ဒီအကြောင်းကို AFP က ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ ဒီဗီဒီယိုကို မှားယွင်းတဲ့ အချက်အလက်တွေနဲ့ မျှဝေထားတာဖြစ်ပါတယ်။

Yandex မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ ဒီဗီဒီယိုကို ၂၀၂၀ ခုနှစ်၊ မေလ ၄ ရက်နေ့က YouTube မှာတွေ့ရပါတယ်။

ရုရှားဘာသာစကားနဲ့ ဖော်ပြထားတဲ့ ဒီဗီဒီယိုစာသားကိုတော့အခုလိုပဲတွေ့ရပါတယ်။

“၂၀၂၀/၀၄/၀၅ စစ်ရေးပြလေ့ကျင့်ရေး။ လေကြောင်း။ Tushino မြို့ပေါ်စစ်ရေးပြလေယာဥ်များအုပ်စုလိုက် ပျံသန်း။”

ဥသြဆွဲသံတွေကိုတော့ ဒီမူရင်းဗီဒီယိုထဲမှာ မကြားရပါဘူး။

Tushino ဆိုတဲ့မြို့ဟာ ရုရှားနိုင်ငံမြို့တော် မော်စကိုရဲ့ တောင်ပိုင်းမှာတည်ရှိတဲ့ မြို့ကလေးတစ်မြို့ဖြစ်ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ ဗီဒီယိုကရယူထားတဲ့ Screenshot (ဘယ်) ကို YouTube ပေါ်က ဗီဒီယို (ညာ) နဲ့ နှိုင်းယှဥ်ထားတာ တွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ ဗီဒီယိုကရယူထားတဲ့ Screenshot (ဘယ်) ကို YouTube ပေါ်က ဗီဒီယို (ညာ)

ဒါ့အပြင် ဒီဗီဒီယိုကို တစ်နေ့တည်းမှာပဲ YouTube ပေါ်မှာတင်ပြထားတဲ့ စုစည်းဗီဒီယိုတစ်ခုမှာ “မော်စကိုပေါ်ပျံသန်းမှု (၂၀၂၀ ခုနှစ်၊ မေလ ၄ ရက်နေ့)” ဆိုတဲ့စာသားနဲ့အတူ ပူးတွဲတင်ပြထားတာ တွေ့ရပါတယ်။

လေကြောင်းပြပွဲမှာပါဝင်ခဲ့တဲ့ TU-95, TU-160 နဲ့ TU-22 လေယာဥ်တွေဆိုပြီး လေယာဥ်အမျိုးအစားတွေကိုလည်း ဒီဗီဒီယိုနဲ့အတူ ဖော်ပြထားပါတယ်။

အောင်ပွဲခံနေ့ အထိမ်းအမှတ်

အောင်ပွဲခံနေ့အထိမ်းအမှတ် စစ်ရေးပြပွဲမှာပါဝင်မယ့် လေကြောင်းလေ့ကျင့်ရေးတွေကို မော်စကိုမြို့မှာ စတင်နေကြောင်း ရုရှားအစိုးရပိုင် မီဒီယာဖြစ်တဲ့ RIA Novosti က ၂၀၂၀ ခုနှစ်၊ မေလ ၄ရက်နေ့မှာ တင်ပြခဲ့ပါတယ်။

လေကြောင်းလေ့ကျင့်ရေးက ဓာတ်ပုံတစ်ချို့ကိုလည်း ၂၀၂၀ ခုနှစ်၊ မေလ ၄ ရက်နေ့မှာဖော်ပြထားပါတယ်။

နားလည်မှုလွဲစေတဲ့ ဗီဒီယိုထဲမှာတွေ့ရတဲ့ လေယာဥ်ပျံသန်းမှုနဲ့ပုံစံတူတဲ့ ပုံရိပ်တွေကို ဒီဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ဗီဒီယိုကရယူထားတဲ့ပုံရိပ်တွေ (ဘယ်) ကို RIA Novosti ကတင်ပြထားတဲ့ဓာတ်ပုံ (ညာ) နဲ့နှိုင်းယှဥ်တွေ့နိုင်ပါတယ်။

နားလည်မှုလွဲစေတဲ့ဗီဒီယိုကရယူထားတဲ့ပုံရိပ်တွေ (ဘယ်) ကို RIA Novosti ကတင်ပြထားတဲ့ဓာတ်ပုံ (ညာ)

“မေလ ၉ ရက်နေ့မှာကျင်းပတဲ့ အောင်ပွဲခံနေ့အထိမ်းအမှတ် စစ်ရေးပြပွဲကို ဖျက်သိမ်းလိုက်သော်လည်း လေကြောင်းပြပွဲကို ပုံမှန်အတိုင်းကျင်းပသွားမည်။”ဆိုပြီး ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးမှုကိုအထိမ်းအမှတ်ပြုတဲ့ အောင်ပွဲခံနေ့စစ်ရေးပြပွဲဟာ ရုရှားနိုင်ငံမှာ နှစ်စဥ်ကျင်းပတဲ့ အထိမ်းအမှတ်ပွဲတော်တစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ တင်းကြပ်မှုတွေကြောင့် ၂၀၂၀ ခုနှစ်မှာ ဖျက်သိမ်းခဲ့ပါတယ်။

စစ်ရေးပြပွဲကို ဖျက်သိမ်းခဲ့ပေမယ့် အောင်ပွဲခံနေ့အထိမ်းအမှတ်နေ့မှာ မြို့တော်ပေါ်မှာ စစ်တပ်ရဟတ်ယာဥ်တွေ၊ တိုက်လေယာဥ်တွေနဲ့ ဗုံးကြဲလေယာဥ်တွေ ပျံသန်းနေတာတွေရှိခဲ့တယ်လို့ AFP က ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

၇၅ နှစ်ပြည့်အထိမ်းအမှတ်ဖြစ်တဲ့ ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးပြပွဲကိုတော့ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။

ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံကြားက လက်ရှိဖြစ်ပေါ်နေတဲ့ သံတမန်ရေးနဲ့ စစ်ရေးတင်းမာမှုတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်အမှားတွေ ဒီရက်သတ္တပတ်အတွင်းမှာ ပျံ့နှံ့လျက်ရှိနေပါတယ်။

Ukraine conflict