၂၀၁၂ ခုနှစ်က အစ္စရေးစစ်သားကိုရင်ဆိုင်ခဲ့တဲ့ ပါလက်စတိုင်းမိန်းကလေးရဲ့ ဗီဒီယိုဖြစ်ပြီး လက်ရှိယူကရိန်းပဋိပက္ခနဲ့ သက်ဆိုင်ခြင်း မရှိပါ

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 01 မတ် 2022 အချိန် 09h00
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • James OKONG'O, AFP တောင်အာဖရိက
ရုရှားစစ်သားတစ်ဦးကို “သူ့နိုင်ငံသူပြန်သွား”ဖို့ အော်ဟစ် မောင်းထုတ်နေတဲ့ ယူကရိန်းမိန်းကလေးလို့ ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေသိန်းချီပြီး ကြည့်ရှုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ တကယ်တမ်း ဒီဗီဒီယိုမှာ မြင်တွေ့ရတဲ့ မိန်းကလေးဟာ ပါလက်စတိုင်း လှုပ်ရှားတက်ကြွသူ Ahed Tamimi ဖြစ်ပြီး ၂၀၁၂ ခုနှစ်က ဝက်စ်ဘန့်ခ် (West Bank) မှာ အစ္စရေးစစ်သားတစ်ဦးကို ရင်ဆိုင်ပြောဆိုနေတဲ့ ဗီဒီယို ဖြစ်ပါတယ်။

ဒီဗီဒီယိုကို ၂၀၂၂ ခုနှစ်၊ ဖော်ဖော်ဝါရီ ၂၇ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပါတယ်။ ၁၄ စက္ကန့်ရှိတဲ့ ဗီဒီယိုထဲမှာ လက်နက်ကိုင်စစ်သားတစ်ယောက်ကို မိန်းကလေးတစ်ဦးက အော်ဟစ်စကားပြောနေတာ တွေ့ရပါတယ်။ ဗီဒီယိုကို အကြိမ်ပေါင်း ၃၃၉,၀၀၀ ကျော် ကြည့်ရှုခဲ့ကြပါတယ်။

Image
၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်က ရိုက်ယူခဲ့တဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

ဗီဒီယိုနဲ့အတူ ရေးတင်ထားတဲ့ စာသားကတော့ အခုလို ဖြစ်ပါတယ်။

“ကိုယ့်နိုင်ငံကိုယ်ပြန် ထွက်သွားဆိုပီး ငိုယိုအော်ပြောနေတဲ့ အာဂကလေးမလေး” (မူရင်းသတ်ပုံအတိုင်း)

AFP ရဲ့ ဒီသတင်းမှာ ဖော်ပြခဲ့သလို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်က စတင်ပြီး ယူကရိန်းနိုင်ငံထဲ ရုရှားတပ်တွေ ကျူးကျော် တိုက်ခိုက်ခဲ့တဲ့ နောက်ပိုင်း ဒီဗီဒီယို ပျံ့နှံ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီဗီဒီယိုရဲ့အောက်မှာ ယူကရိန်းပဋိပက္ခနဲ့ မြန်မာနိုင်ငံက အာဏာသိမ်းမှုတွေကို နှိုင်းယှဉ်ပြောဆိုထားတဲ့ မှတ်ချက် (Comment) တွေ့ရပါတယ်။

ဗီဒီယိုကို Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့တာ တွေ့ရပါတယ်။

“ရုရှားစစ်သားကို ယူကရိန်း ကလေးငယ်တစ်ဦးက ဒေါသတကြီး မောင်းထုတ်နေတဲ့ မြင်ကွင်းပါ၊ ကလေးငယ်တစ်ဦးရဲ့ ခံစားချက်အတိုင်း ဒေါသတကြီး မောင်းထုတ်ခံရပေမယ့် ကလေးငယ်ကို ရန်မပြုဘူး။” ဆိုပြီး ပို့စ်တစ်ခုမှာ ရေးထားပါတယ်။

ပဋိပက္ခအရှိန်အဟုန်မြင့်လာတာနဲ့အတူ မဟုတ်မမှန်သတင်းတွေလည်း အွန်လိုင်းပေါ်မှာ မြင့်တက်လာခဲ့ပါတယ်။ အွန်လိုင်းပေါ်က ပြောဆိုမှုအမှားတွေနဲ့ ပတ်သက်ပြီး AFP ရဲ့ သတင်းအချက်အလက်စိစစ်မှုတွေကို ဒီလင့်ခ်မှာ တစုတစည်းတည်း ဖတ်ရှုနိုင်ပါတယ်။

ဝက်စ်ဘန့်ခ်က ဗီဒီယို

တကယ်တမ်း ဒီဗီဒီယိုဟာ ရုရှားစစ်သားတစ်ဦးကို ဒေါသတကြီး အော်ဟစ်မောင်းထုတ်နေတဲ့ ယူကရိန်းမိန်းကလေး မဟုတ်ပါဘူး။

ဗီဒီယိုထဲက ပုံရိပ်တွေကို အသုံးပြုပြီး ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဗီဒီယိုကို အကြောင်းအရာလွဲမှား ဖော်ပြခဲ့ကြတာ တွေ့ရပါတယ်။

အဲဒီဗီဒီယိုကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၂၄ ရက်ကတည်းက YouTube ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး လက်ရှိယူကရိန်းအရေးနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။ ဒီဗီဒီယိုဟာ ၂၀၁၂ ခုနှစ်တုန်းက အသက် ၁၁ နှစ်အရွယ်၊ ယခုပါလက်စတိုင်းလှုပ်ရှားတက်ကြွသူ Tamimi က အစ္စရေးစစ်သားတစ်ဦးကို အော်ဟစ် မောင်းထုတ်ခဲ့တဲ့ ဗီဒီယိုသာ ဖြစ်ပါတယ်။

Image
၂၀၂၂ ခုနှစ်၊ မတ်လ ၁ ရက်က ရိုက်ယူထားတဲ့ YouTube ဗီဒီယိုရဲ့ Screenshot

လက်နက်ကိုင်စစ်သားကို လက်သီးဆုပ်ပြီး အော်ဟစ်နေတဲ့ Tamimi ရဲ့ ဗီဒီယိုကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ကြပြီး ယခင်တူရကီနိုင်ငံဝန်ကြီးချုပ် Recep Tayyip Erdogan ကလည်း ၂၀၁၂ ခုနှစ်မှာ သူ့ကို လက်ခံတွေ့ဆုံခဲ့ပါတယ်။

အဲဒီဗီဒီယိုနဲ့ ဓာတ်ပုံတွေကို သတင်းဌာနကြီးတွေကလည်း ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေ မှာ ဖော်ပြခဲ့ကြပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းတို့ဟာ ဂါဇာကမ်းမြောင်နဲ့ ဝက်စ်ဘန့်ခ်ဒေသတွေအပေါ် ထိန်းချုပ်နိုင်မှုနဲ့ ပတ်သက်ပြီး ဆယ်စုနှစ်ငါးခုကြာ တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

Tamimi ဟာ ပါလက်စတိုင်းရဲ့ လူ့အခွင့်အရေးသင်္ကေတတစ်ခု ဖြစ်လာခဲ့ပါတယ်။

Image
၂၀၁၉ ခုနှစ်က တွေ့ရတဲ့ ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူ Ahed Tamimi

၂၀၁၈ ခုနှစ်မှာ Tamimi ဟာ အစ္စရေးစစ်သားနှစ်ဦးကို ဝက်စ်ဘန့်ခ်က သူ့အိမ်ရှေ့မှာ ထိုးကြိတ် ကန်ကျောက်ခဲ့တဲ့အတွက် ထောင်ရှစ်လ ကျခံခဲ့ရပါသေးတယ်။

ရုရှားရဲ့ကျူးကျော်မှု

ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်မှုအတွက် ရုရှားနိုင်ငံဟာ အနောက်နိုင်ငံတွေရဲ့ လေပိုင်နက်အသုံးပြုခွင့်ပိတ်ပင်ခံရမှုနဲ့ အဓိကကျတဲ့ ဘဏ္ဍာရေးပိတ်ဆို့မှုတွေကို ရင်ဆိုင်နေရပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်မှုကို ခံနေရပါတယ်။

ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် ဒါဇင်နဲ့ချီတဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်တွေထိခိုက်ခဲ့ပြီး ထောင်နဲ့ချီတဲ့လူတွေဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးနေကြရပါတယ်။

ရုရှားနိုင်ငံကတော့ အရေးယူပိတ်ဆို့မှုတွေကို အနောက်နိုင်ငံတွေရဲ့ အားနည်းချက်တစ်ခုအဖြစ် တုံ့ပြန်ထားပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းအရှေ့ပိုင်းက မော်စကိုကျောထောက်နောက်ခံပြုထားတဲ့ ခွဲထွက်ရေးသမားတွေကို အကာအကွယ်ပေးတဲ့အတွက် သူ့ရဲ့လုပ်ရပ်ဟာ တရားမျှတတယ်လို့ ပြောဆိုထားပါတယ်။

ခွဲထွက်ရေးသမားတွေဟာ ယူကရိန်းအစိုးရတပ်ဖွဲ့တွေနဲ့ ရှစ်နှစ်ကြာတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲဒီပဋိပက္ခတွေကြောင့် လူပေါင်း ၁၄,၀၀၀ ကျော် သေကြေခဲ့ပြီ ဖြစ်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ