လက်လုပ်အောက်ဆီဂျင်စက်တွေက ကိုဗစ်-၁၉ လူနာတွေအတွက် လုံလောက်တဲ့အောက်ဆီဂျင် ထုတ်မပေးနိုင်ကြောင်း ကျွမ်းကျင်သူတွေပြော

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 15 ဇူလိုင် 2021 အချိန် 10h24
  • အပ်ဒိတ်ရက်စွဲ 06 ဇူလိုင် 2021 အချိန် 06h39
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP အင်ဒိုနီးရှား
ကိုဗစ် -၁၉ ရောဂါကူးစက်ခံရတဲ့လူနာတွေကို အလှမွေးငါးကန်သုံး အောက်ဆီဂျင်စက်တွေကို အသုံးပြုပြီး ပြုလုပ်ထားတဲ့စက်တွေနဲ့ အောက်ဆီဂျင်ပေးနိုင်တယ်လို့ ဆိုထားတဲ့ ပို့စ်တစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ မျှဝေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ အဲဒီလို လက်လုပ်ကိရိယာတွေဟာ ကိုဗစ် -၁၉ ရောဂါကူးစက်ခံရလို့ အသက်ရှူဖို့အခက်အခဲဖြစ်နေတဲ့လူနာတွေအတွက် လုံလောက်တဲ့ အောက်ဆီဂျင်ကို ထုတ်မပေးနိုင်ဘူးလို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောဆိုထားပါတယ်။

အဲဒီပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာ ဖြစ်ပြီး အကြိမ်ရေ ၂,၃၀၀ ကျော် ပြန်လည်မျှဝေထားကြပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်က ရိုက်ယူခဲ့တဲ့ screenshot

အဲဒီပို့စ်ရဲ့အစမှာ “အောက်ဆီဂျင်အိုးဝယ်မရရင် ငါးမွေးကန်မှာသုံးတဲ့ အောက်ဆီဂျင် အသုံးပြုလို့ရ” တယ်လို့ ရေးသားထားပါတယ်။

ငါးမွေးကန်တွေမှာ အသုံးပြုတဲ့ အောက်ဆီဂျင်စက်နှစ်လုံး၊ ရေသန့်ဘူးတစ်ဘူးနဲ့ ပိုက်တွေကို အသုံးပြုပြီး လက်လုပ်အောက်ဆီဂျင်စက်တစ်လုံး ပြုလုပ်မယ့်နည်းတွေကို ဖော်ပြထားပါတယ်။

အဲဒီငါးမွေးကန်သုံးလေထုတ်စက်တွေကနေ ထွက်လာတဲ့လေကို ရေသန့်ဘူးထဲ ဖြတ်သန်းစေပြီး အခြားပိုက်တစ်ချောင်းနဲ့ လူနာရဲ့ နှာခေါင်းပေါက်ကနေ အောက်ဆီဂျင်ရှူလို့ရတယ်လို့လည်း အဲဒီပို့စ်မှာ ရေးထားပါတယ်။

“အဲဒီငါးကန်အတွက် ထုတ်ထားတဲ့ အောက်ဆီဂျင်စက်ကို သုံးလုံးတပ်လိုက်ရင် လူနာအတွက် လုံလောက်ရုံ မဟုတ်ဘူး ပိုတောင် ပိုတယ်” လို့လည်း ဆိုပါတယ်။

ဒီ AFP သတင်းမှာ ဖော်ပြခဲ့သလို မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တတိယလှိုင်းကို ရင်ဆိုင်နေရပြီး ရောဂါအတည်ပြုလူနာတွေများပြားလာပါတယ်။

အသက်ရှူရခက်ခဲတဲ့ လူနာတွေအတွက် အောက်ဆီဂျင်ရရှိရေးဟာ ကြီးမားတဲ့အခက်အခဲ ဖြစ်လာပြီး သူတို့ရဲ့မိသားစုဝင်တွေဟာ အောက်ဆီဂျင်ရရှိရေးအတွက် နေ့စဉ်လုံးပန်းနေကြရပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁၄ ရက်အထိ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ ၂၀၈,၃၅၇ ဦး ရှိပြီး၊ ရောဂါကြောင့် သေဆုံးသူ ၄,၁၈၁ ဦး ရှိခဲ့ပါတယ်။

အလားတူပြောဆိုထားတဲ့ ပို့စ်တွေကို Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ မျှဝေခဲ့ပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

အဲဒီ ငါးမွေးကန်သုံးစက်တွေကို အသုံးပြုပြီး ပြုလုပ်ထားတဲ့ လက်လုပ်အောက်ဆီဂျင်စက်တွေဟာ အသက်ရှူဖို့အခက်အခဲဖြစ်နေတဲ့ ကိုဗစ်-၁၉ ရောဂါ လူနာတွေအတွက် လုံလောက်တဲ့အောက်ဆီဂျင်ကို ထုတ်မပေးနိုင်ဘူးလို့ ကျန်းမာရေးကျွမ်းကျင်သူတွေက ပြောဆိုကြပါတယ်။

ငါးမွေးကန်သုံးလေထုတ်စက်တွေဟာ ရေထဲမှာ လေပူပေါင်းလေးတွေကိုပဲ ထုတ်နိုင်တာ ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ခံစားနေရတဲ့လူနာတွေ လိုအပ်တဲ့ အောက်ဆီဂျင်ကို ထုတ်လုပ်မပေးနိုင်ဘူးလို့ ဘန်ဒေါင်းနည်းပညာအင်စတီကျု Bandung Institute of Technology)၊ စက်မှုစွမ်းအင်နှင့် လေကြောင်းအင်ဂျင်နီယာဌာန အကြီးအကဲ ပါမောက္ခ Tatacipta Dirgantara က AFP ကို ပြောပါတယ်။

ဂျကာတာမြို့ Persahabatan ဆေးရုံက အဆုပ်နှင့်အသက်ရှူလမ်းကြောင်းဆိုင်ရာကျွမ်းကျင်သူ Dr Erlina Burhan ကလည်း “(လက်လုပ်စက်တွေက ထွက်လာတဲ့) အောက်ဆီဂျင်ဟာ လေထုထဲမှာ ရှိနေတဲ့ အောက်ဆီဂျင်နဲ့ အတူတူဖြစ်ပြီး အောက်ဆီဂျင် ၂၁ ရာခိုင်နှုန်းပဲ ပါဝင်ပါတယ်။ လက်တလောမှာ အသက်ရှူခက်ခဲတဲ့လူနာတွေအတွက် အောက်ဆီဂျင်လိုအပ်မှုဟာ အဲဒီထက် အများကြီး ပိုမြင့်ပါတယ်” လို့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်က AFP ကို ပြောပါတယ်။

ဘန်ဒေါင်းနည်းပညာအင်စတီကျု (Bandung Institute of Technology) သိပ္ပံကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Dr Rino Mukti ကလည်း လက်လုပ်စက်တွေက ထွက်လာတဲ့ အောက်ဆီဂျင်ဟာ ကိုဗစ်-၁၉ လူနာတွေအတွက် “အလွန်နည်း”တယ်လို့ ပြောပါတယ်။

AFP က ဆက်သွယ်ခဲ့တဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ကလည်း “ပေးပို့လာတဲ့လင့်ခ်မှာ တွေ့ရတဲ့ (ပလတ်စတစ်ဘူးနဲ့ လေပန့်နဲ့လုပ်ထားတဲ့)ကိရိယာဟာ ကျန်းမာရေးဆိုင်ရာ ကိရိယာတစ်ခုမဟုတ်သလို (လေထဲက အောက်ဆီဂျင်ဓာတ်ငွေ့ကို ခွဲထုတ်ပြီး စုစည်းပေးနိုင်တဲ့) အောက်ဆီဂျင်ထုတ်လုပ်တဲ့စက်လည်း မဟုတ်ပါဘူး” လို့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်က ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့ အိမ်မှာပြုစုစောင့်ရှောက်ထားရတဲ့ ကိုဗစ်-၁၉ ရောဂါ လူနာတွေအတွက် အောက်ဆီဂျင်ကုထုံးပါဝင်တဲ့ စောင့်ရှောက်နည်းလမ်းညွှန်ကို ထုတ်ဝေခဲ့ပြီး ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ