In this photo taken on March 7, 2017, devotees make offerings inside a shrine in Shwe Ku Ni village during the Ko Gyi Kyaw Nat festival. The medium spins around in a frenzy of red and gold while glugging from a bottle of whiskey, part of an age old ritual to honour Myanmar's spirit guardian of drunkards and gamblers. ( AFP / Ye Aung THU)

ကချင်မီးတောက်အရက်က COVID-19 ပိုးကို သေစေနိုင်တယ်ဆိုတဲ့ အချက်အလက်မှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 09 ဇူလိုင် 2021 အချိန် 11h24
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
မြန်မာနိုင်ငံမှာ COVID-19 တတိယလှိုင်းကြောင့် ကူးစက်မှုတွေမြင့်တက်နေချိန်မှာ အရက်ရာခိုင်နှုန်း ၅၀ ပါတဲ့ ကချင်မီးတောက်အရက်က COVID-19 ပိုးကို သေစေနိုင်တယ်လို့ဆိုထားတဲ့ Facebook ပို့စ်တစ်ခုကို အကြိမ်ရေ ရာနဲ့ချီ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပြီး ကျန်းမာရေးပညာရှင်တွေကတော့ အရက်သောက်သုံးခြင်းကြောင့် COVID-19 ကို အကာအကွယ်မပေးနိုင်ဘဲ ဒီလိုကာလမှာ အရက်အလွန်အကျွံသောက်သုံးမိရင်သာ ပိုမိုအန္တရာယ်ရှိနိုင်တာဖြစ်တယ်လို့ သတိပေးပြောဆိုထားပါတယ်။

အဲဒီပို့စ်ကို Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တုန်းက တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၉၆၅ ကြိမ် ရှိခဲ့ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရယူထားတဲ့ screenshot

“ခုချန် ကိုဗစ် တတိယလိုင်းတကြော့ပြန်လာတော့ ကျနော် လက်ရှိသင်တန်းပေးနေတဲ့ ရုံးတစ်ရုံးက မိတ်ဆွေ တစ်ဦးရဲ့( မန္တလေးမှာနေထိုင်တဲ့) အစ်မအရင်းက ကိုဗစ် P လို့ စစ်ဆေးတွေ့ရှိပါတယ်။ ထူးဆန်းတာက ထို P အမျိုးသမီးနဲ့ တအိမ်ထဲအတူနေ သမီးဖြစ်သူ/ တူမဖြစ်သူတွေ အကုန် P အဖြစ်စစ်ဆေးတွေ့ရှိပြီး ထိုအမျိုးသမီးနဲ့ တစ်ခန်းထဲအတူအိပ်/တစ်အိမ်ထဲ အတူနေ ထိုအမျိုးသမီးရဲ့ ခင်ပွန်းကျတော့ Negative ပါတဲ့ဗျာ။ မင်္သကာလို့ ပထမ စစ်ဆေးပြီး တစ်ပတ်ကြာချိန်နောက်တခါထပ်စစ်တော့လဲ negative ပါတဲ့။ဘာကြောင့်လဲ အကြောင်းအရင်းစစ်လိုက်တော့ ထိုသူကနေ့တိုင်းသောက်ဖြစ်နေတဲ့ ရှက်ဘဲပါတဲ့။” (မူရင်းအတိုင်း)

“ကျနော်တို့သုံးနေတဲ့ handgel တွေထဲ အရက်ပြန်ပါဝင်ပါတယ်။အရက်ပြန်ဟာလဲ အရက်အာနိသင် ၆၀% ပါတဲ့ အရက်ပါပဲ။” (မူရင်းအတိုင်း)

“ကချင်မီးတောက် အရက်မှာ Alchohol around 50%ပါဝင်ပါတယ်။grand မှာ ဆိုရင်တော့ around 40 % လောက်ဖြစ်မယ်ထင်တယ်။ အဲ့ဒါကြောင့် အရက်ပြန်လို handgel နဲ့ပြန်ရောထားတဲ့ alchohol % ကျနေတဲ့ အရည်တောင် ပိုးသေစေမှတော့ alchohol 50% လောက်ကို နေ့တိုင်းအာခေါင်ထဲဖြတ်သန်းနေမှတော့ ဘယ်ပိုးခံနိုင်မလဲ။” (မူရင်းအတိုင်း)

“ကျနော့် အတွေ့အကြုံ အမြင်အရကတော့ ကချင်မီးတောက် 2mlလောက်ကို ညအိပ်ယာဝင်ချိန်မော့လိုက်တာက ပိုပြီးအာနိသင်ရှိမယ်လို့ထင်မြင်မိပါကြောင်း.” (မူရင်းအတိုင်း)

မြန်မာနိုင်ငံမှာ COVID-19 တတိယလှိုင်းပျံ့နှံ့လာချိန်မှာ အခုလိုနားလည်မှုလွဲစေနိုင်တဲ့ပို့စ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှာ ကူးစက်ခံရတဲ့ လူနာသစ် ၁၅၀၀ တွေ့ရှိရပြီးနောက် အာဏာပိုင်တွေက မန္တလေးမြို့ကို stay-at-home ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မန္တလေးမှာ နေ့စဉ်ပိုးတွေ့လူနာ ၁၀၀ ကျော်ရှိရာကနေ အခုလိုခုန်တက်သွားတာဖြစ်ပြီး အဲဒီအကြောင်း AFP သတင်းကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

လက်ရှိအချိန်မှာ အောက်စီဂျင်လိုအပ်ချက်များပြားလာနေပြီး COVID-19 လူနာအများအပြား အောက်စီဂျင်ပြတ်လပ်မှုနဲ့ရင်ဆိုင်နေရတယ်လို့ Eleven မီဒီယာက ဒီလင့်ခ်မှာ ဖော်ပြထားပါတယ်။

အလားတူပြောဆိုထားတဲ့ပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေထားကြပါတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း အရက်ဟာ COVID-19 ကို မကာကွယ်နိုင်ကြောင်းနဲ့ လော့ခ်ဒေါင်း (lockdown) ကာလအတွင်း အရက်ဝယ်ယူမှုကို ကန့်သတ်သင့်ကြောင်း သူ့ရဲ့ဝဘ်ဆိုဒ်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

Image
WHO ရဲ့ ဝဘ်ဆိုဒ်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ရယူထားတဲ့ screenshot

WHO ရဲ့ ဥရောပရုံးခွဲကလည်း ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁၄ ရက်နေ့တုန်းက အစီရင်ခံစာတစ်စောင်ထုတ်ပြန်ပြီး အရက်သောက်သုံးမှုကို ကန့်သတ်တဲ့အစီအစဉ်တွေချမှတ်ဖို့ အစိုးရတွေကို တိုက်တွန်းထားပါတယ်။

အစီရင်ခံစာပါ အချက်အလက်အချို့က အခုလိုဖြစ်ပါတယ်။ “အရက်သောက်သုံးခြင်းက ဗိုင်းရပ်စ်ကို မသေစေနိုင်ပါဘူး။ တကယ်လို့ လူတစ်ယောက်ဟာ ဗိုင်းရပ်စ်ကူးစက်ခံရမယ်ဆိုရင် အရက်သောက်သုံးမှုကြောင့် ကျန်းမာရေးအတွက် ပိုပြီးတောင်အန္တရာယ်များနိုင်ပါသေးတယ်။ (အရက်ပါဝင်မှုပမာဏ ၆၀ ရာခိုင်နှုန်းရှိတဲ့) အရက်ဟာ ကိုယ့်ရဲ့အရေပြားပေါ်မှာ ပိုးသတ်ဆေးတစ်မျိုးလို အလုပ်လုပ်ပေမယ့် သောက်သုံးပြီးခန္ဓာကိုယ်ထဲရောက်ရင်တော့ အဲဒီလိုအာနိသင်မျိုးမရှိတော့ပါဘူး”

WHO ရဲ့ ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါကြိုတင်ပြင်ဆင်ရေးဌာနက ဒါရိုက်တာ Dr Sylvie Briand ကတော့ ဗီဒီယိုအင်တာဗျူးတစ်ခုမှာ အခုလိုဖြေကြားခဲ့ပါတယ်။ “အရက်သောက်သုံးတာဟာ COVID-19 ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်ခြင်း သို့မဟုတ် ကုသပေးနိုင်ခြင်းမရှိပါဘူး။ ဒီဗိုင်းရပ်စ်က ကျွန်မတို့သောက်သုံးနေတဲ့အရက်ကို မဖြုံပါဘူး”

“လက်တွေကိုဆေးကြောဖို့အတွက် အရက်ပျံပါတဲ့ဂျယ်လ်တွေကို ကျွန်မတို့သုံးကြတယ်မဟုတ်လား။ လူတွေက အဲဒါနဲ့ ရောထွေးကုန်ကြတာဖြစ်ပါလိမ့်မယ်။ တကယ်တော့ လက်သန့်ဆေးမှာပါတဲ့အရက်ပျံက အရက်ပါဝင်မှု ပိုများပါတယ်။ သေချာတာကတော့ လူသားတွေ သောက်သုံးလို့ရတဲ့အရာမျိုးမဟုတ်ပါဘူး။ သောက်လိုက်ရင် ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေရှိလာမှာပါ။ ဒါကြောင့်မို့ လက်သန့်ဆေးက လက်ဆေးဖို့ပါပဲ၊ သောက်သုံးဖို့မဟုတ်ပါဘူးလို့” ၎င်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။

အရက်အလွဲသုံးခြင်းနှင့် အရက်စွဲခြင်းဆိုင်ရာ အမေရိကန်နိုင်ငံတော်အဖွဲ့အစည်း (NIAA) ကလည်း အရက်သောက်သုံးခြင်းဟာ လက်သန့်ဆေးသုံးသလိုမျိုး အာနိသင်ရှိမှာမဟုတ်ဘဲ COVID-19 နဲ့ကြုံတဲ့အခါ ကိုယ်ခံအားစနစ်ကိုတောင် ထိခိုက်နိုင်တယ်လို့ ၂၀၂၀ ပြည့်နှစ်၊ မေလ ၁၂ နေ့တုန်းက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ဆိုထားပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ