ထိုင်းနိုင်ငံကပုံကို မြန်မာနိုင်ငံမှာဖြစ်နေသယောင်ဆိုထားတဲ့ နားလည်မှုလွဲစေတဲ့ဓာတ်ပုံ

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 19 ဇူလိုင် 2021 အချိန် 09h16
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
မြန်မာနိုင်ငံမှာ COVID-19 တတိယလှိုင်းကြောင့် ကူးစက်မှုတွေမြင့်တက်ပြီး အောက်ဆီဂျင်အိုးတွေ ပြတ်လပ်မှုနဲ့ကြုံနေရချိန်မှာ ဆိုင်ကယ်တစ်စီးပေါ် အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ လိုက်ပါလာတဲ့ ကလေးတစ်ယောက်ရဲ့ဓာတ်ပုံကို Facebook နဲ့ Twitter ပေါ်မှာ ပြန်လည်မျှဝေနေကြပြီး မြန်မာနိုင်ငံမှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ပုံစံမျိုးပြောဆိုထားပါတယ်။ ဒါပေမယ့် ဒီပြောဆိုမှုဟာ နားလည်မှုလွဲစေနိုင်ပါတယ်။ တကယ်တော့ ဒီဓာတ်ပုံကို ၂၀၁၉ ခုနှစ်တုန်းက ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်တစ်နေရာမှာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဓာတ်ပုံထဲမှာမြင်ရတဲ့ကလေးငယ်ဟာလည်း မွေးရာပါ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုး ခံစားနေရတာဖြစ်ပြီး COVID-19 ကူးစက်ခံရသူမဟုတ်ဘူးလို့ အဲဒီတုန်းက ထိုင်းပြည်တွင်းမီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။

အဲဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ရာနဲ့ချီ ရှိခဲ့ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့က ရယူထားတဲ့ screenshot

ဓာတ်ပုံနဲ့အတူ တွဲတင်ထားတဲ့စာသားတွေကတော့ အခုလိုပါ။

“ရင်ထဲ ဆို့နင့်၊ Photo-Crd, Please Pray for Myanmar” (မူရင်းအတိုင်း)

အဲဒီဓာတ်ပုံကိုပဲ အလားတူပြောဆိုမှုတွေနဲ့အတူ Twitter မှာလည်း ပြန်မျှဝေနေကြပါတယ်။ ဥပမာအားဖြင့် ဒီ Twitter ပို့စ်မျိုးဖြစ်ပြီး ဓာတ်ပုံနဲ့အတူတွဲတင်ထားတဲ့စာသားတွေကတော့ အခုလိုဖြစ်ပါတယ်။

“ဒီနေ့ မြင်ရသမျှ စိတ်ထဲအထိခိုက်ရဆုံး ဓာတ်ပုံပါပဲ။ မြန်မာနိုင်ငံသားတွေအတွက် ဆုတောင်းပေးကြပါဦး။ COVID-19 အတွက် ကျွန်တော်တို့ အကူအညီလိုအပ်နေပါပြီ။ #DreadfulCovidAmidMilitaryCoup #MyanmarNeedsO2 #July11Coup #WhatsHappeningInMyanmar” (ဤ Twitter ပို့စ်ပါ မူရင်းအင်္ဂလိပ်စာသားကို မြန်မာလိုဆီလျော်အောင် AFP က ဘာသာပြန်ထားခြင်းဖြစ်သည်။)

မြန်မာနိုင်ငံမှာ COVID-19 တတိယလှိုင်းကြောင့် ကူးစက်မှုတွေမြင့်တက်ပြီး ဆေးဘက်သုံးအောက်စီဂျင်တွေ ပြတ်လပ်မှုနဲ့ ကြုံနေရချိန်မှာ ဒီဓာတ်ပုံ ပျံ့နှံ့လာတာဖြစ်ပါတယ်။ အဲဒီအကြောင်း AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

ဒါပေမယ့် ဒီအဆိုဟာ နားလည်မှုလွဲစေပြီး ဒီဓာတ်ပုံဟာ မြန်မာနိုင်ငံမှာ ရိုက်ကူးထားတာမဟုတ်ပါဘူး။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို Chirapat Pinkong လို့ခေါ်တဲ့ ထိုင်းနိုင်ငံသား Facebook သုံးစွဲသူတစ်ဦးက ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တုန်းက ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။

ထိုင်းဘာသာနဲ့ရေးသားထားတဲ့ပို့စ်ကတော့ အခုလိုဖြစ်ပါတယ်။

“ပြောစရာစကားတောင်မရှိတော့ပါဘူး။ ဓာတ်ပုံနဲ့ပတ်သက်လို့ ဘာရေးရမှန်းတောင် မသိတော့ဘူး။ ကလေးလေးရဲ့ အဖေနဲ့အမေက မဲ့ချန်မြို့ဘက်ကို မောင်းသွားနေကြတာ။ သူတို့ကို တွေ့လိုက်သူပဲဖြစ်ဖြစ်၊ သိတဲ့သူပဲဖြစ်ဖြစ် တတ်နိုင်သလောက် ကူညီပေးလိုက်ကြပါဦးနော်။ နေကလည်း ပူနေတာ။ မီးပွိုင့်မိတိုင်း အဖေလုပ်သူက အောက်စီဂျင်အိုးကို လှည့်လှည့်ထိန်းပေးနေတာ တွေ့ရပါတယ်။ အခု ကားလမ်းတွေကလည်း ပိတ်လိုက်တာဆိုတာဗျာ။ အမေနဲ့အဖေလို့ခေါ်တဲ့ လူသားတွေဆီကနေ ချစ်ခြင်းမေတ္တာတရားကို ဖန်တီးပေးလို့ ဘုရားကို ကျေးဇူးတင်ပါတယ်။”

မဲ့ချန်ဟာ ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်ထဲက ခရိုင်အဆင့်မြို့တစ်မြို့ဖြစ်ပါတယ်။

ထိုင်းပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ Thairath ကလည်း ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့တုန်းက အဲဒီဓာတ်ပုံနဲ့ဆက်စပ် သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ တင်ထားပါတယ်။ သတင်းထဲမှာတော့ ဓာတ်ပုံပါ မိသားစုကို လူတွေ ဝိုင်းဝန်းအားပေးကူညီကြတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီသတင်းထဲမှာ Chirapat Pinkong ရဲ့ Facebook ပို့စ်ကိုလည်း ပူးတွဲဖော်ပြထားပါတယ်။

Image
(Thirath ရဲ့သတင်းဝဘ်ဆိုဒ်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်က ရယူထားတဲ့ screenshot)

Post Today က ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်မှာ တင်ထားတဲ့သတင်းမှာဆိုရင်လည်း ဓာတ်ပုံပါမိသားစုဟာ ချင်းရိုင်ပြည်နယ်ကဖြစ်ပြီး သူတို့ရဲ့နှစ်နှစ်သားလေးကိုပိုက်ပြီး ဆရာဝန်ဆီ သွားပြတာလို့ ဖော်ပြထားပါတယ်။

ကလေးငယ်ဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုးကို ခံစားနေရတာဖြစ်ပြီး မဲ့ချန်ကို သွားနေကြတာဖြစ်တယ်လို့ သတင်းထဲမှာ ရေးသားထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ မူရင်း Facebook ပို့စ်ပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ဖော်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
(နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ မူရင်း Facebook ပို့စ်ပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ဖော်ပြထားတဲ့ screenshot)

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ