A man crosses a road in front of cafes and eateries, closed due to Covid-19 coronavirus restrictions, in Hanoi on February 17, 2021. ( AFP / Manan VATSYAYANA)

သံပုရာလက်ဘက်ရည်ကြမ်းသောက်သုံးတဲ့ ဗီယက်နမ်မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူမရှိဘူးဆိုတဲ့ အချက်အလက်အမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 28 ဇူလိုင် 2021 အချိန် 11h53
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
ဗီယက်နမ်နိုင်ငံမှာ သံပုရာလက်ဘက်ရည်ကြမ်းကို သောက်သုံးကြတဲ့အတွက် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူလုံးဝမရှိဘူးလို့ ဆိုထားတဲ့ပို့စ်တစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေ ထောင်နဲ့ချီ မျှဝေထားကြပါတယ်။ အဲဒီအဆိုက မှားပါတယ်။ ဇူလိုင်လ ၂၇ ရက်မှာ နောက်ဆုံးရရှိခဲ့တဲ့အချက်အလက်တွေအရ ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် သေဆုံးသူ ၅၂၀ ကျော် ရှိခဲ့ပါတယ်။ သံပုရာလက်ဘက်ရည်သောက်သုံးပြီး ကိုဗစ်-၁၉ ရောဂါကို ထိထိရောက်ရောက် ကုသနိုင်တယ်ဆိုတဲ့ “အထောက်အထား မရှိဘူး” လို့လည်း ကျန်းမာရေးပညာရှင်တွေက ပြောဆိုပါတယ်။

ဒီပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၈,၂၀၀ ကျော် ရှိခဲ့ပါတယ်။

Image
နားလည်မှုလွဲစေနိုင်တဲ့ ပို့စ်ကို ဇူလိုင်လ ၂၇ ရက်က ရိုက်ယူခဲ့တဲ့ screenshot

ပို့စ်ရဲ့အစပိုင်းမှာ “Vietnam ဗီယက်နမ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်သစ်သည် သေဆုံးနှုန်းလုံးဝသုညရှိသည်။ သက်ဆိုင်ရာအပြည်ပြည်ဆိုင်ရာလူများသည် စူပါနိုင်ငံဗီယက်နမ်၏လျှို့ဝှက်ချက်ကိုရရှိခဲ့ကြသည်”(မူရင်းသတ်ပုံ) လို့ ရေးထားပါတယ်။

ဗီယက်နမ်နိုင်ငံရဲ့ လျှို့ဝှက်ချက်ဟာ အလွန်ရိုးရှင်းပြီး ထိရောက်မှုရှိကြောင်း၊ ဗိုင်းရပ်စ်ပိုးအသစ် ကူးစက်ရင်တောင်မှ အသက်မသေနိုင်ဘူးလို့လည်း အဲဒီပို့စ်မှာ ရေးထားပါတယ်။

အဲဒီလျှို့ဝှက်တဲ့ဆေးနည်းကတော့ ပွက်ပွက်ဆူတဲ့ ကျိုချက်ထားတဲ့ လက်ဘက်ရည်ကြမ်းထဲ သံပုရာရည်ကို ရောစပ်ပြီး သောက်သုံးရမယ်လို့ ပို့စ်မှာ ဆိုထားပါတယ်။

အဲဒီလျှို့ဝှက်ချက်ဟာ “ကိုဗစ်(ရောဂါပိုးသစ်)ကို ချက်ချင်းသေစေနိုင်”ပြီး “ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်မှ လုံးဝဖယ်ထုတ်နိုင်”တယ်လို့လည်း ရေးထားပါတယ်။

အလားတူပို့စ်တွေကို Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါတယ်။

ဒီနားလည်မှုလွဲစေနိုင်တဲ့ အကြောင်းအရာဟာ ၂၀၂၀ ခုနှစ်၊ ဧပြီလမှာ အင်ဒိုနီးရှားနဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မလေးရှားနိုင်ငံတွေမှာ အင်တာနက်လူမှုကွန်ရက် သုံးစွဲသူတွေအကြား ပျံ့နှံ့ခဲ့ပြီး အဲဒီချိန်တုန်းက AFP က တင်ဆက်ခဲ့တဲ့ သတင်းအချက်အလက်စိစစ်ချက်ကို ဒီလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းနေပါတယ်။

ကိုဗစ်ရောဂါကြောင့် သေဆုံးသူတွေ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နဲ့ ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်ထိ ဗီယက်နမ်နိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၅၂၄ ယောက် ရှိပါတယ်။ အဲဒီတရားဝင်အချက်အလက်တွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

Image
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း WHO ဝဘ်ဆိုက်ဒ်ကို ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်က ရိုက်ယူခဲ့တဲ့ screenshot

ကုသမှုအမှား

လူမှုကွန်ရက်ပေါ်က ဆေးပညာနဲ့ဆက်စပ်တဲ့သတင်းအမှားတွေကို အချက်အလက်စိစစ်တုံ့ပြန်တဲ့ မလေးရှား ကျန်းမာရေးပညာရှင်တွေနဲ့ဖွဲ့စည်းထားတဲ့ Medical Mythbusters Malaysia က Hafizah Sobri က လက်ဘက်ရည်ကြမ်းနဲ့သံပုရာသီးဟာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရသူကို ကုသနိုင်တယ်ဆိုတဲ့ အထောက်အထား မရှိဘူးလို့ AFP ကို ပြောပါတယ်။

“ရေနွေးကြမ်းနဲ့သံပုရာရည်ဟာ (ကိုဗစ်-၁၉ ရောဂါလက္ခဏာတွေဖြစ်တဲ့) အသက်ရှူရခက်ခဲတာနဲ့ အနံ့ အရသာပျောက်တာတွေအတွက် အထောက်အကူမဖြစ်ပါဘူး။ အခြေခံအားဖြင့် ရေနွေးကြမ်းနဲ့ သံပုရာဟာ သာမန်လည်ချောင်းနာခြင်းကို ခဏတဖြုတ် သက်သာစေနိုင်ပေမယ့် ကိုဗစ်-၁၉ ရောဂါကိုတော့ ကာကွယ်၊ ကုသနိုင်စွမ်း မရှိပါဘူး။” လို့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က AFP ကို အီးမေးလ်ကနေ ဖြေကြားခဲ့ပါတယ်။

“လတ်တလောရရှိထားတဲ့ အထောက်အထားတွေအရ (ကိုရိုနာ)ဗိုင်းရပ်စ်ရောဂါကို ကာကွယ်၊ ကုသနိုင်တဲ့ အိမ်တွင်းဆေးဝါးတွေ၊ ကုသချက်တွေနဲ့ ဆေးဝါးပါဝင်ပစ္စည်းတွေ မရှိသေးပါဘူး။” လို့လည်း သူက ဆိုပါတယ်။

Selayang ဆေးရုံက ကူးစက်ရောဂါဆရာဝန် ဒေါက်တာ Dr Anuradha P. Radhakrishnan ကလည်း “[ကိုဗစ်-၁၉ရောဂါအတွက်] အခုချိန်ထိတော့ ယုံကြည်စိတ်ချရတဲ့ ထိရောက်မှုရှိတဲ့ အိမ်သုံးဆေးဝါးတွေ မရှိသေးပါဘူး။ သင့်လျော်တဲ့ စမ်းသပ်မှု၊ ကုသမှုတွေနဲ့ စောင့်ကြည့်လေ့လာမှုတွေ မလုပ်ထားရင် ဒီအိမ်တွင်းကုသမှုတွေဟာ အန္တရာယ်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လူထုအနေနဲ့ သူတို့ရဲ့ရောဂါလက္ခဏာတွေကို သတိထားစောင့်ကြည့်ဖို့နဲ့ အချိန်မလွန်မီ စစ်ဆေးကုသမှုတွေ ခံယူကြဖို့ အရေးတကြီးလိုအပ်ပါတယ်။” လို့ AFP ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်က အီးမေးလ်ကတဆင့် ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသဖို့ သံပုရာကို ရေနဲ့သောက်ခြင်းရေနွေးကြမ်းသောက်ခြင်းအယ်ကာလိုင်းပါဝင်တဲ့ သံပုရာသီးတွေ စားသုံးခြင်းနဲ့ အက်စ်ပရင်ကို သံပုရာရည် ပျားရည်တွေနဲ့ သောက်သုံးခြင်း စတဲ့ အိမ်တွင်းဆေးဝါးတွေနဲ့ ပတ်သက်တဲ့ ပြောဆိုရေးသားမှုအမျိုးမျိုးကို AFP က အချက်အလက်စိစစ်ခဲ့ပြီးဖြစ်ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ