
ရေနွေးငွေ့ရှူပြီး COVID-19 ကို ကုသလို့မရကြောင်း ကျန်းမာရေးပညာရှင်တွေဆို
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 29 ဇူလိုင် 2021 အချိန် 04h57
- နောက်ဆုံးတည်းဖြတ်သည့်နေ့စွဲ 29 ဇူလိုင် 2021 အချိန် 05h00
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
အဲဒီဗီဒီယိုကို Facebook သုံးစွဲသူတစ်ဦးက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့တုန်းက ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပါတယ်။ တခြား Facebook သုံးစွဲသူတစ်ဦးကလည်း ဗီဒီယိုထဲက မြင်ကွင်းကို screenshot ရယူပြီး ဒီလင့်ခ်မှာ တင်ထားပါသေးတယ်။ အဲဒီပို့စ်ကို ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၂၀၀ ကျော်ရှိခဲ့ပါတယ်။
ဗီဒီယိုထဲမှာ အမျိုးသားတစ်စုက မီးဖိုတစ်ခုပေါ်မှာ ပေါင်းအိုးတစ်လုံးနဲ့ဖန်တီးထားတဲ့ကိရိယာတစ်ခုဆီက ထွက်လာတဲ့ရေနွေးငွေ့တွေကို ရှူရှိုက်နေတာ တွေ့ရပါတယ်။
ဗီဒီယိုနဲ့အတူ တွဲတင်ထားတဲ့စာသားတွေက အခုလိုဖြစ်ပါတယ်။
“#အရိုးရှင်းဆုံးနည်းဖြင့်_တန်ပြန်ခြင်း
အိန္ဒိယ က ကိုဗစ် ကူးစက်ခံရမူ့
မေလက ၄ သိန်းထိ တရက်တာ
ကူးစက်မူ့ ရှိခဲ့သော်လဲ ဒီကနေ
မှာတော့ တနေတာ ကူးစက်မူ့
၃၉၀၀၀ ထိလျှော့ချ နိူင်ခဲ့ပါတယ်။”
“ဗိုင်းရပ်စ်က ဒွါရ ပေါက်တွေ ဖြစ်တဲ့
ပါးစပ် နှာခေါင်း ကဝင်တာပါ။
ဒီကနေ့မှာ တော့ simple way
နဲ့ ပြန်တိုက်လာပါတယ်။ ပါးစပ်နဲ့ နှာခေါင်း
မှာ ဝင်လာတဲ့ ဗိုင်းရပ်စ် တွေ ကို ရေနွေးငွေ့
ရှူခြင်းဖြင့် သုတ်သင်ပစ်ပါတယ်။”
“ဒီလိုလုပ်လို့ ကူးစက်မူ့ ကျဆင်းလာ
တယ်လို့တော့ တရားဝင် ထုတ်ပြန်တာ
မတွေ့မိသော်လည်း...ကူးစက်မူ့ ကျဆင်း
နေတာတော့ အမှန်ပါ။”
တူညီတဲ့ပြောဆိုမှုတွေနဲ့ အလားတူရေနွေးငွေ့ရှူတဲ့ဓာတ်ပုံတွေကို ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း ပြန်လည်မျှဝေထားကြပါသေးတယ်။
ဒါပေမယ့် ဒီပြောဆိုမှုတွေဟာ မှားယွင်းပါတယ်။
နားလည်မှုလွဲစေတဲ့ဗီဒီယို
ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဗီဒီယိုဟာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလလောက်ကတည်းက သတင်းဌာနတွေရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ထားတာတွေ့ရပါတယ်။ သတင်းတွေထဲမှာ ဖော်ပြထားတာကတော့ အိန္ဒိယနိုင်ငံအနောက်ပိုင်း Pune မြို့မှာ ဖွင့်လှစ်လိုက်တဲ့ “ရေနွေးငွေ့ဘား” အကြောင်းဖြစ်ပါတယ်။
COVID-19 ကာကွယ်ဖို့ဆိုပြီး အိန္ဒိယနိုင်ငံတစ်ဝန်းမှာ အလားတူ ထူးထူးဆန်းဆန်းတီထွင်ထားတဲ့ကိရိယာတွေအကြောင်း သတင်းတွေထွက်ပေါ်ခဲ့ပြီး ဥပမာအားဖြင့် ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့နိုင်ပါတယ်။
Maryland Upper Chesapeake Health တက္ကသိုလ်က ကူးစက်ရောဂါများဆိုင်ရာဌာနအကြီးအကဲ ဒေါက်တာ Faheem Younus ဟာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့တုန်းက သူ့ Twitter စာမျက်နှာမှာ အဲဒီဗီဒီယိုကို ပြန်မျှဝေထားပြီး “အကြောက်တရားကိုအသုံးချပြီး စီးပွားမရှာကြပါနဲ့။ ဒီနည်းလမ်းက လုံးဝအသုံးမဝင်ပါဘူး” လို့ ရေးသားထားပါတယ်။
Let’s not turn fear into business.
— Faheem Younus, MD (@FaheemYounus) September 23, 2020
This is completely useless. https://t.co/0VpUO1HJse
ရေနွေးငွေ့ရှူတာဟာ COVID-19 ကို ကာကွယ်နိုင်တယ်၊ ကုသနိုင်တယ်ဆိုပြီးပြောထားတာနဲ့ပတ်သက်ပြီး AFP က ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ အချက်အလက်စိစစ်ရေးသားထားပြီးဖြစ်ပါတယ်။
အဲဒီဗီဒီယိုဟာ မလေးရှားနိုင်ငံမှာလည်း ပျံ့နှံ့နေပြီး မလေးရှားအင်တာနက်သုံးစွဲသူတွေကြားမှာတော့ လေးညှင်းပွင့်ခတ်ထားတဲ့ရေနွေးကိုရှူရင် COVID-19 ကို ကာကွယ်နိုင်တယ်လို့ ဆိုနေကြတာပါ။ ဒီအကြောင်း AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ထားပါတယ်။
တက္ကဆက် A&M တက္ကသိုလ်၊ အခြေခံပြုစုစောင့်ရှောက်ရေးနှင့်ပြည်သူ့ကျန်းမာရေးဌာန၊ ဒုတိယပါမောက္ခ Dr. Jason McKnight က ရေနွေးငွေ့ရှူတာနဲ့ပတ်သက်လို့ AFP ကို အီးမေးလ်ကနေတစ်ဆင့် အခုလို ပြန်လည်ဖြေကြားပါတယ်။
“လက်ရှိအချိန်မှာ ဗိုင်းရပ်စ်ကိုသတ်နိုင်တဲ့တစ်ခုတည်းသောနည်းလမ်းကတော့ ပိုးသတ်ဆေးရည်တွေပဲဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီပိုးသတ်ဆေးရည်တွေကို ဘယ်တော့မှ မရှူသွင်းသင့်သလို ခန္ဓာကိုယ်ထဲ ဘယ်လိုနည်းနဲ့မှအဝင်မခံသင့်ပါဘူး။”
“ယေဘုယျပြောရရင် ရေနွေးငွေ့ရှူတဲ့အခါ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါလက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုးတာတို့၊ နှာပိတ်တာတို့၊ အသက်ရှူကြပ်တာတို့ကို သက်သာစေနိုင်ပါတယ်။ ဒါပေမဲ့ ဒါက ရောဂါလက္ခဏာတွေကိုပဲ သက်သာစေတာဖြစ်ပြီး ဗိုင်းရပ်စ်ကူးစက်တာကို ကုသတဲ့နည်းလမ်းမဟုတ်ပါဘူး။”
“ရေနွေးငွေ့အပူဟပ်လို့ မျက်လုံး၊ မျက်နှာနဲ့ အသက်ရှူလမ်းကြောင်းတွေအပူလောင်ပြီး ကိုယ့်အတွက်အန္တရာယ်ရှိလာနိုင်ပါတယ်။ အပူလောင်တဲ့ပမာဏက ဆိုးမယ်ဆိုရင် ရေရှည်ဆိုးရွားတဲ့အကျိုးဆက်တွေဖြစ်လာနိုင်ပါတယ်။”
Texas A&M တက္ကသိုလ်၊ ဇီဝသိပ္ပံဌာနရဲ့ ဌာနမှူးဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ Benjamin Neuman ကလည်း အဲဒီအဆိုကို ထောက်ခံပါတယ်။
“အဆုပ်ဆိုတာက အရမ်းကို နူးညံ့ပြီး ရေနွေးငွေ့က တော်တော်ပူပါတယ်။ တွဲစပ်လို့ကောင်းတဲ့အရာနှစ်ခုတော့ မဟုတ်ပါဘူး။ ရေနွေးငွေ့အပူကြောင့် အဆုပ်ကို သေချာပေါက်ထိခိုက်စေနိုင်ပါတယ်။ အဆုပ်ကိုထိခိုက်ပျက်စီးစေတဲ့ ဗိုင်းရပ်စ်တိုက်ဖျက်ရေးအယူအဆဟာ တကယ်ကို ဆိုးရွားတဲ့အယူအဆပါပဲ။” လို့ သူက ဆိုပါတယ်။
ရေနွေးငွေ့ရှူတာနဲ့ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ဗိုင်းရပ်စ်ဆိုင်ရာ အကြံပြုပေးတဲ့ဝဘ်ဆိုဒ်စာမျက်နှာမှာ ဖော်ပြထားတာမျိုးမရှိပါဘူး။ အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့်ကြိုတင်ကာကွယ်ရေးဆိုင်ရာအဖွဲ့ကြီးရဲ့ ဝဘ်ဆိုဒ်စာမျက်နှာမှာလည်း ရေနွေးငွေ့ရှူတာနဲ့ပတ်သက်လို့ ဖော်ပြထားတာမျိုးမရှိဘဲ ဖျားနာတဲ့အခါ မိမိကိုယ်ကိုယ်ဂရုစိုက်ကြဖို့ပဲ တိုက်တွန်းထားပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်