ဒီဗီဒီယိုဟာ အိန္ဒိယနိုင်ငံက လူအသေအပျောက်ရှိခဲ့တဲ့ယာဉ်တိုက်မှုသာ ဖြစ်ပြီး မြန်မာနိုင်ငံက မဟုတ်ပါ

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 ဒီဇင်ဘာ 2021 အချိန် 02h35
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်က မကွေးတိုင်းဒေသကြီး၊ ဆောမြို့မှာ စစ်ကားတစ်စီးကို ပြည်သူတစ်ဦးက ၎င်းမောင်းလာတဲ့ကားနဲ့ ဝင်တိုက်ခဲ့တယ်လို့ ပြောဆိုထားတဲ့ ဗီဒီယိုတစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ ကြည့်ရှုခဲ့ကြပါတယ်။ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလက အာဏာသိမ်းခဲ့တဲ့ တပ်မတော်ကို ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက "ခုခံစစ်"တစ်ရပ်ကြေညာခဲ့တဲ့နောက် တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အခုလို ဗီဒီယို ပျံ့နှံ့လာခဲ့တာပါ။ ဒါပေမဲ့ အဲဒီဗီဒီယိုဟာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက အိန္ဒိယနိုင်ငံမှာ လူထိခိုက်သေဆုံးမှု ဖြစ်ပေါ်စေခဲ့တဲ့ ယာဉ်တိုက်မှုအကြောင်းသတင်းတွေမှာ ပါဝင်ခဲ့တဲ့ ဗီဒီယိုသာ ဖြစ်ပြီး မြန်မာနိုင်ငံက လက်ရှိအခြေအနေတွေနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။

ဗန်ကားတစ်စီးနဲ့ အခြားကားတစ်စီး ခေါင်းချင်းဆိုင် တိုက်မိတဲ့ ဒီဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာပါ။

ဗီဒီယိုကို မဖျက်ခင်အထိ ကြည့်ရှုတဲ့အကြိမ်ရေပေါင်း ၁၅,၀၀၀ ကျော် ရှိခဲ့ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်က ရိုက်ယူခဲ့တဲ့ screenshot

ဗီဒီယိုနဲ့အတူ အခုလို ရေးသားထားပါတယ်။

“ပြည်သူမုန်းရင် နေစရာမရှိဘူးနော်။ ဆောမြို့ကို ဝင်လာတဲ့ ဗျူဟာမှူးကားကို ဆောမြို့ခံ ပြည်သူတစ်ဦးက သူရဲ့ကားနှင့် အမိုက်ခံဝင်တိုက် ဗျူဟာမှူးအပါဝင် (၄) ကောင် သေဆုံး 22-11-2021”(မူရင်းသတ်ပုံအတိုင်း)

ဆောမြို့နယ်ဟာ မကွေးတိုင်းဒေသကြီးထဲ တည်ရှိပါတယ်။

မြန်မာနိုင်ငံမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားပြီး တပ်မတော်က အာဏာသိမ်းယူခဲ့တဲ့နောက် နိုင်ငံတွင်း ဖရိုဖရဲအခြေအနေတွေနဲ့ ကြုံတွေ့နေရပါတယ်။

ဒီ AFP သတင်းမှာ ဖော်ပြထားသလို ဒီမိုကရေစီအရေးတက်ကြွသူ နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံရဲ့ စင်ပြိုင်အစိုးရက အရပ်သားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်အစိုးရနဲ့ သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ပစ်မှတ်ထားပြီး ခုခံစစ်တစ်ရပ်ဆင်နွှဲကြဖို့ စက်တင်ဘာလမှာ ကြေညာခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်မှာ တပ်မတော်တပ်ဖွဲ့တွေနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအကြား လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့နောက် ဒီဗီဒီယို ပျံ့နှံ့လာခဲ့တာပါ။ တိုက်ပွဲတွေအကြောင်းကို ဒေသခံသတင်းဌာနတွေက ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ ရေးသားခဲ့ကြပါတယ်။

ဗီဒီယိုကို တူညီတဲ့ပြောဆိုမှုတွေနဲ့အတူ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေခဲ့ကြပါတယ်။

ဒါပေမဲ့ အဲဒီအဆိုဟာ မှားနေပါတယ်။

ဓာတ်ပုံရာဇဝင်နဲ့ အဓိကကျတဲ့စကားလုံးတွေသုံးပြီး ပေါင်းစပ် ရှာဖွေကြည့်တဲ့အခါ အဲဒီဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်က အိန္ဒိယနိုင်ငံက ယာဉ်တိုက်မှုတစ်ကြောင်း ဖော်ပြထားတဲ့ သတင်းတွေမှာ တွေ့ရပါတယ်။

အဲဒီဗီဒီယိုကို အိန္ဒိယနိုင်ငံက သတင်းဌာနတစ်ခုဖြစ်တဲ့ News18 Bihar-Jharkhand ရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်က ဖော်ပြခဲ့တာ တွေ့နိုင်ပါတယ်။

ဗီဒီယိုရဲ့ ဖော်ပြချက်မှာ “Ara: Pickup ဗန်ကားနှင့် Scorpio ကား တိုက်မိသည့် ဗီဒီယိုဖိုင် ထွက်ပေါ်လာ” ဆိုပြီး ရေးထားပါတယ်။

“Pickup ဗန်ကား ဒရိုင်ဘာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့” ပြီး “လူလေးဦး ဒဏ်ရာရရှိခဲ့သည်”

“ဒဏ်ရာရရှိသူများကို ဆေးရုံတွင် ကုသလျက်ရှိသည်။ Bihar နှင့် Jharkhand မှ နောက်ဆုံးသတင်းများကို စောင့်မျှော်ဖတ်ရှုကြပါ News18 Bihar/Jharkhand” လို့လည်း သတင်းမှာ ရေးထားပါတယ်။

အဲဒီဗီဒီယိုကို ဟင်ဒီဘာသာစကားနဲ့ရေးသားထားတဲ့ ဒီသတင်းမှာလည်း အောက်တိုဘာ ၁၉ ရက်က ဖော်ပြခဲ့ပါတယ်။

အဲဒီသတင်းအရ အိန္ဒိယနိုင်ငံ မြောက်ပိုင်း Bihar ပြည်နယ်၊ Arrah မြို့မှာ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့တာပါ။ ဖြစ်စဉ်မှာ Pickup ကား ဒရိုင်ဘာ သေဆုံးပြီး နောက်ထပ် သုံးဦး အပြင်းအထန်ဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သတင်းမှာဖော်ပြပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ပါ video (ဘယ်) နဲ့ News18 Bihar-Jharkhand ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshoot ဖြစ်ပါတယ်။

Image

အဲဒီအဖြစ်အပျက်ကို အိန္ဒိယသတင်းမီဒီယာတွေကလည်း ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်