ဒီဓာတ်ပုံဟာ အာဖဂန်နစ္စတန်မှာ အမေရိကန်လုပ်လက်နက်တွေကို တာလီဘန်တွေက သိမ်းယူခဲ့တဲ့သတင်းဓာတ်ပုံသာဖြစ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 ဒီဇင်ဘာ 2021 အချိန် 08h58
  • ဖတ်ရန် ကြာချိန် 1 မိနစ်
  • AFP ထိုင်း
မြန်မာနိုင်ငံမှာ PDF အဖွဲ့တွေကသိမ်းယူရမိခဲ့တဲ့ အမေရိကန်ထုတ်လက်နက်တွေဆိုပြီး ဓာတ်ပုံတစ်ပုံကို Facebook မှာ အကြိမ်ရေ ရာနဲ့ချီမျှဝေနေကြပါတယ်။ စစ်တပ်ထောက်ခံတဲ့ Facebook အကောင့်တစ်ခုက နိုဝင်ဘာလထဲမှာ ဒီဓာတ်ပုံကို မျှဝေထားပြီး မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့ အာဏာသိမ်းမှုနဲ့ အကြမ်းဖက်နှိမ်နှင်းမှုတွေကို ပြည်သူတွေက လက်နက်ကိုင်ပြန်လည်တိုက်ခိုက်မှုတွေ နိုင်ငံတစ်ဝန်းပေါ်ပေါက်လာပြီးနောက်ပိုင်းမှာ တွေ့ရတာလည်းဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံဟာ နားလည်မှုလွဲစေပါတယ်။ ဒီဓာတ်ပုံကို ၂၀၂၁ခုနှစ် သြဂုတ်လက အာဖဂနစ္စတန်မှာ အမေရိကန်လုပ် လက်နက်တွေကို တာလီဘန်တွေက ထိန်းသိမ်းရယူလိုက်တဲ့ သတင်းဆောင်းပါးမှာ ဖော်ပြထားတာတွေ့ရပါတယ်။ အမေရိကန်ကလည်း မြန်မာနိုင်ငံက အာဏာသိမ်းဆန့်ကျင်တိုက်ခိုက်ရေးသမားတွေကို လက်နက်ထောက်ပံ့ပေးနေတယ်ဆိုတဲ့ အဆိုကို ငြင်းဆန်ထားပါတယ်။

ဒီဓာတ်ပုံကို ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပါတယ်။

ဒီဓာတ်ပုံနဲ့အတူ စာသားကိုလည်း အခုလိုပဲတွေ့ရပါတယ်။

“သာဓုပါ သာဓု သာဓုပါ၊ အမေရိကန်ရေ။
ရန်ကုန် မြောက်ဥက္ကလာမှ pdf လက်နက်များ ဒီနေ့ဖမ်းမိ
ပက်စက်တာ အမေရိကန်လက်နက်တွေတံဆိပ်တောင်မခွါရသေးဘူး။
အမေရိကန်ကpdf တွေကိုလက်နက်ထောက်ပံ့နေမှန်းသိပေမဲ့ အခုလိုအများကြီးဖမ်းမိတာ တကြိမ်ဘဲရှိသေးတယ်။
ဝယ်စရာကို မလိုတာ။ နစကက။
ပြည်သူနဲ့ တပ် ၊ ပူပေါင်းနေသ၍
အောင်မြင်မှု အလီလီရမည်။
ပြည်သူနဲ့ ရဟန်းသတ်
အကြမ်းဖက်သမား များ၊
အနှေးနဲ့ အမြန်
ကျရူံးစေရမည်။” (မူရင်းသတ်ပုံအတိုင်း)

Image
၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပိုစ့်ရဲ့ Screenshot

ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်းမှာ စစ်တပ်ကိုဆန့်ကျင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေ မြန်မာနိုင်ငံအနှံ့ ပေါ်ပေါက်လာခဲ့ပါတယ်။

မြို့ခံပြည်သူတွေ၊ တက္ကသိုလ်ကျောင်းသားဟောင်းတွေနဲ့ အဓိကဖွဲ့စည်းထားတဲ့ စစ်တပ်ဆန့်ကျင်ရေးတပ်ဖွဲ့တွေဟာ လက်နက်အင်အားတောင့်တင်းတဲ့ တပ်မတော်တပ်ဖွဲ့တွေကို ခြုံခိုတိုက်ခိုက်မှုတွေနဲ့မိုင်းခွဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

AFP က ဒီအကြောင်းအရာကို ဒီလင့်ခ်မှာ တင်ပြထားပါတယ်။

ဒီပို့စ်က Facebook အသုံးပြုသူတွေကို နားလည်မှုလွဲစေတာကို ဒီပို့စ်ရဲ့မှတ်ချက်တွေမှာ တွေ့နိုင်ပါတယ်။

Facebook အသုံးပြုသူတစ်ယောက်က “သူယုပ်မာUS. နိုင်ငံကံဆိုးမှု့အပေါင်းနဲ့ပြည့်စုံပါစေ” (မူရင်းသတ်ပုံအတိုင်း) ဆိုပြီးမှတ်ချက်ပေးထားပြီး “တော်တော်ယုတ်အကြံပတ်စက်တဲ့ US ပါလား”(မူရင်းသတ်ပုံအတိုင်း) ဆိုတဲ့ မှတ်ချက်ကိုလည်း ဒီပို့စ်အောက်မှာ တွေ့ရပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံဟာ နားလည်မှုလွဲစေနိုင်ပါတယ်။

Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၂၂ ရက်မှာ ဒူဘိုင်းအခြေစိုက် Al Arabiya ရုပ်သံက ဆောင်းပါးတစ်ခုမှာ ဖော်ပြထားတာတွေ့ရပါတယ်။

AFPကို ကိုးကားထားတဲ့ ဒီဆောင်းပါးမှာ ၂၀၂၁ခုနှစ်၊ သြဂုတ်လထဲ အမေရိကန်လုပ်လက်နက်တွေကို တာလီဘန်တွေက သိမ်းယူရမိတဲ့အကြောင်းကို ဖော်ပြထားပါတယ်။

“၀ါရှင်တန်ကို အရှက်ရစေတဲ့ တာလီဘန်အဖွဲ့ရဲ့ လက်နက်သိမ်းယူရရှိမှု ဗီဒီယို” ဆိုပြီးခေါင်းစဥ်မှာ ဖော်ပြထားပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်)ကို Al Arabiya ဆောင်းပါးကဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot ကို အောက်မှာတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်)ကို Al Arabiya ဆောင်းပါးကဓာတ်ပုံ (ညာ)နဲ့ နှိုင်းယှဥ်ထားတဲ့ Screenshot

ဒီဗီဒီယိုမှာ ပထန်စကားပြောတဲ့လူတစ်စုက မြေကြီးပေါ်မှာချထားတဲ့ လက်နက်တွေကို စစ်ဆေးနေတာ တွေ့ရပါတယ်။

AFP ကလည်း ဆင်တူတဲ့ ဗီဒီယိုကို အနောက်နိုင်ငံတွေက ထောက်ပံ့ပေးတဲ့လက်နက်တွေကို တာလီဘန်တွေက သိမ်းယူရမိတဲ့အကြောင်း ရေးသားထားတဲ့ ဒီဆောင်းပါးမှာ ဖော်ပြထားပါတယ်။

အမေရိကန်ဟာ မြန်မာနိုင်ငံက အာဏာသိမ်းဆန့်ကျင်တိုက်ခိုက်ရေးတပ်ဖွဲ့တွေကို လက်နက်တွေပံ့ပိုးပေးတယ်ဆိုတဲ့အဆိုကို အမေရိကန်ဘက်က ငြင်းဆိုထားပါတယ်။

“စစ်တပ်ဆန့်ကျင်ရေးတပ်ဖွဲ့တွေကို အမေရိကန်နိုင်ငံက လက်နက်တွေထောက်ပံ့ပေးတယ်ဆိုတဲ့ ကောလဟလက မှားယွင်းပါတယ်” ဆိုပြီး အမေရိကန်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP ကိုပြောပါတယ်။

“အမေရိကန်နိုင်ငံအနေနဲ့ အကြမ်းဖက်မှုတွေရပ်တန့်ရေး စစ်တပ်ကိုလှုံ့ဆော်မှုတွေအပြင် မတရားဖမ်းဆီးခံထားရသူတွေလွတ်မြောက်ရေး၊ လူ့အခွင့်အရေးချိုးဖောက်မှု ဖြေရှင်းနိုင်ရေးနဲ့ လူမျိုးပေါင်းစုံပါဝင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်ကို မြန်မာနိုင်ငံအနေနဲ့ ပြန်လည်ရောက်ရှိနိုင်ရေးအတွက် မဟာမိတ်နိုင်ငံတွေနဲ့ဆက်လက် ပူးပေါင်းဆောင်ရွက်နေပါတယ်” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ