လက်သုံးချောင်းထောင်ပြီး မြန်မာနိုင်ငံပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချူပ်ဟွန်ဆန်လို့ ဆိုထားတဲ့ ဓာတ်ပုံအမှား
ပြီးခဲ့တဲ့ဖေဖော်ဝါရီလက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပေါ်ခဲ့တဲ့နောက် လက်သုံးချောင်းထောင်ပြီး မြန်မာနိုင်ငံပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချူပ်ဟွန်ဆန်လို့ ပြောဆိုထားတဲ့ ဓာတ်ပုံတစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေရာနဲ့ချီ မျှဝေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။ တကယ်တော့ ဒီဓာတ်ပုံဟာ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ သတင်းထောက်တွေကို စကားပြောနေတဲ့ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထျောင်ရဲ့ပုံသာ ဖြစ်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဓာတ်ပုံ မဟုတ်ပါဘူး။ ငုယင်ဖူထျောင် တက်ရောက်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာနိုင်ငံအကြောင်း ထည့်သွင်း ပြောဆိုခဲ့ခြင်း မရှိပါဘူး။
ဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂၇ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး အကြိမ်ရေ ၇၀၀ ကျော် ပြန်လည်မျှဝေထားကြပါတယ်။

ဓာတ်ပုံနဲ့အတူ “ကမ္ဘောဒီးယားဝန်ကြီးချုပ် ဆမ်ဒက် တက်ချို ဟွန်ဆန် မြန်မာပြည်သူနဲ့ ရပ်တည်။
Crd”(မူရင်းသတ်ပုံ) လို့ ရေးသားထားပါတယ်။
ဒီ AFP သတင်းမှာ ဖော်ပြခဲ့သလို မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရကို ဖြုတ်ချပြီး စစ်အာဏာသိမ်းမှု ဖြစ်ပွားခဲ့တဲ့နောက် နိုင်ငံတွင်း မငြိမ်မသက်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ စစ်တပ်က ပြန်လည်ဖြိုခွင်းခဲ့တဲ့အတွက် လူတွေရာနဲ့ချီ သေဆုံးခဲ့ပါတယ်။
လက်သုံးချောင်းထောင်တဲ့ အမှတ်အသားကို မြန်မာနိုင်ငံက ဆန္ဒပြပွဲတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။
ဓာတ်ပုံနဲ့အတူ အလားတူပြောဆိုမှုတွေကို Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ မျှဝေခဲ့ပါတယ်။
ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။
Google ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က AFP ဒီလင့်ခ်မှာ တင်ခဲ့တာ တွေ့ရပါတယ်။ အဲဒီဓာတ်ပုံဟာ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထျောင်ရဲ့ ဓာတ်ပုံဖြစ်ပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဓာတ်ပုံ မဟုတ်ပါဘူး။

ဓာတ်ပုံရဲ့ ပုံစာအဖြစ် “အသစ်ရွေးချယ်တင်မြှောက်ခံရသည့် ဗီယက်နမ်ကွန်မြူနစ်ပါတီ(CVP) အထွေထွေအတွင်းရေးမှူး ငုယင်ဖူထျောင်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ဟနွိုင်းမြို့ အမျိုးသားကွန်ဗင်းရှင်းစင်တာတွင် ကျင်းပခဲ့သည့် ၁၃ ကြိမ်မြောက် အမျိုးသားကွန်ဂရက် အခမ်းအနားပိတ်ပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။” လို့ ရေးသားဖော်ပြပါတယ်။
အဲဒီဓာတ်ပုံကို AFP ဓာတ်ပုံသတင်းထောက် Manan Vatsyayana က ရိုက်ကူးခဲ့တာပါ။
အောက်မှာ နားလည်မှုလွဲစေတဲ့ Facebook ဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

အဓိကကျတဲ့ သော့ချက်စကားလုံး (keywords) တွေ အသုံးပြီး ရှာဖွေကြည့်တဲ့အခါ သတင်းစာရှင်းလင်းပွဲအကြောင်း ဒီဗီဒီယိုကို ဗီယက်နမ်သတင်းဌာန VTC Now ရဲ့ YouTube မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က ဖော်ပြခဲ့တာ တွေ့ရပါတယ်။
အဲဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ AFP သတင်းထောက်က ငုယင်ဖူထျောင်ဟာ မြန်မာနိုင်ငံနဲ့ အခြားနိုင်ငံတကာကိစ္စရပ်တွေကို ရည်ညွှန်းပြောဆိုခဲ့ခြင်း မရှိဘူးလို့ အတည်ပြုပါတယ်။
ဗီဒီယိုရဲ့ ၉ မိနစ်နေရာမှာ ထျောင်က “ကျွန်တော်တို့နိုင်ငံအနေနဲ့ လက်ရှိအခြေအနေမှာ ရှိတဲ့ ကံကြမ္မာ၊ အလားအလာ၊ အနေအထားနဲ့ ဂုဏ်သိက္ခာလိုမျိုး တစ်ခါမှမရှိခဲ့ဖူးပါဘူး။ ဒါကို လွန်ခဲ့တဲ့ သုံးနှစ်ကလည်း ကျွန်တော်ပြောခဲ့ဖူးပါတယ်” လို့ လက်သုံးချောင်းပြီး ပြောဆိုခဲ့ပါတယ်။
AFP က ရိုက်ကူးခဲ့တဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆွန်ရဲ့ ဓာတ်ပုံကိုတော့ ဒီမှာ ကြည့်ရှုနိုင်ပါတယ်။

အဓိကကျတဲ့ သော့ချက်စကားလုံး (keywords)တွေ အသုံးပြုပြီး ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆွန်ရဲ့ Facebook စာမျက်နှာနဲ့ ဝဘ်ဆိုက်မှာ ရှာဖွေကြည့်တဲ့အခါမှာလည်း ဝန်ကြီးချုပ်အနေနဲ့ လက်သုံးချောင်းအမှတ်အသားပြုလုပ်ပြီး မြန်မာနိုင်ငံက စစ်အာဏာရှင်ဆန့်ကျင်သူတွေနဲ့အတူ ရပ်တည်တယ်လို့ဆိုထားတဲ့ ယုံကြည်ရတဲ့အထောက်အထားတွေ AFP က မတွေ့ရှိခဲ့ပါဘူး။