ဒဲလ်တာဗိုင်းရပ်စ်မျိုးကွဲသစ်ကို ဓာတ်ခွဲစမ်းသပ်လို့မရသလို ဖျားတာ ချောင်းဆိုးတာ စတဲ့ လက္ခဏာတွေလည်း မပြဘူးလို့ ဆိုထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်တွေ ပျံ့နှံ့
အခြားကိုရိုနာဗိုင်းရပ်စ်မျိုးကွဲတွေထက် ကူးစက်မှုမြန်တဲ့ ဒဲလ်တာမျိုးကွဲသစ် (Delta variant) ကူးစက်ခံရရင် ဖျားတာ၊ ချောင်းဆိုးတာစတဲ့ ရောဂါလက္ခဏာတွေ မပြတဲ့အပြင် အဲဒီဗိုင်းရပ်စ်ကို ဓာတ်ခွဲစမ်းသပ်လို့လည်း မရဘူးလို့ ပြောဆိုထားတဲ့ပို့စ်တွေကို Facebook ပေါ်မှာ အကြိမ်ရေသောင်းနဲ့ချီ မျှဝေနေကြပါတယ်။ နိုင်ငံတကာနဲ့ မြန်မာက ကျန်းမာရေးကျွမ်းကျင်သူတွေကတော့ ဒဲလ်တာဗိုင်းရပ်စ် ကူးစက်ခံရသူရဲ့ လက္ခဏာဟာ အခြားကိုဗစ်ရောဂါပိုးတွေ ကူးစက်ခံရတဲ့ လက္ခဏာတွေနဲ့ အတူတူဖြစ်ပြီး ရောဂါရှိမရှိကို နှာခေါင်းတို့ဖတ် ရယူစစ်ဆေးတဲ့နည်းနဲ့ စမ်းသပ်တွေ့ရှိနိုင်တယ်လို့ ပြောဆိုကြပါတယ်။
အဲဒီပို့စ်ကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၂ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့ပါတယ်။
စာပိုဒ်တွေအများကြီးနဲ့ရေးထားတဲ့ပို့စ်မှာ “Covid - Delta သည် ကွဲပြား ခြားနားစွာ အသက်အန္တရာယ်ရှိပြီး စမ်းသပ်လို့မရနိုင်သော လက္ခဏာရှိသည်။ Covid - Delta Virus ၏လက္ခဏာအသစ်မှာ ချောင်းဆိုးခြင်း ဖျားနာခြင်း မရှိပါ။ ဖြစ်တတ်သည်မှာ အဆစ်အမြစ်နာကျင်ခြင်း ၊ ခေါင်းကိုက်ခြင်း ၊ လည်ချောင်းနာခြင်း ၊ နောက်ကျောနာခြင်း၊ အဆုတ်ရောင်ရောဂါ (နမိုးနီးယား) ၊ အားနည်းခြင်း၊ အစာစားချင်စိတ်လျော့နည်းခြင်း တို့ဖြစ်ပါသည်။”(မူရင်းသတ်ပုံ) ဆိုပြီး တစိတ်တပိုင်း ဖော်ပြထားပါတယ်။
ဒဲလ်တာဗိုင်းရပ်စ်ပိုးဟာ ယခင်ပိုးတွေလို "လူရဲ့အသက်ရှူလမ်းကြောင်းပေါ်မှာ ရှိမနေတော့ဘဲ အဆုတ်ကို တိုက်ရိုက်ထိခိုက်စေ"တာ ဖြစ်ပြီး နှာခေါင်းတို့ဖတ်ယူတဲ့နည်း (Nasal Swab Test)နဲ့ စစ်ဆေးလို့ မရနိုင်တော့ဘူးလို့ အဲဒီပို့စ်မှာ ရေးထားပါတယ်။
“နှာခေါင်းတို့ဖတ်ယူခြင်းသည် Covid - Delta result ကို Negative သာ အပြများပြီး Negative အမှားများမှာ နှာခေါင်းတို့ဖတ်တွင် ပိုများလာသည်။ ၎င်းမှာ Virus ပိုးသည်အဆုတ်သို့ တိုက်ရိုက်ရောက်ရှိသွားပြီး အဆုတ်ယောင်ရောဂါကြောင့် ဖြစ်သော အသက်ရှုရခက်ခြင်းကို ဖြစ်ပေါ်စေသည်”(မူရင်းသတ်ပုံ) လို့လည်း အဲဒီပို့စ်မှာ ရေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ရဲ့ မျိုးကွဲရောဂါပိုးတစ်ခုဖြစ်တဲ့ ဒဲလ်တာကို အိန္ဒိယနိုင်ငံမှာ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် ဧပြီလမှာ စတင်ပျံ့နှံ့ခဲ့တယ်လို့ ဒီ AFP သတင်းမှာ ဖော်ပြပါတယ်။
အဲဒီနောက် ဒဲလ်တာဟာ ကမ္ဘာတစ်ဝှန်းလုံးကို ကူးစက် ပျံ့နှံ့ခဲ့ပါတယ်။ AFP သတင်းရဲ့ အဆိုအရ ဒဲလ်တာဟာ Covid-19 ပထမလှိုင်းကို ဖြစ်စေခဲ့တဲ့မူရင်းကိုဗစ်ရောဂါပိုးထက် ကူးစက်နှုန်းမြန်ခဲ့တဲ့ Alpha မျိုးကွဲထက်တောင် ပိုပြီး ကူးစက်မှုမြန်တယ်လို့ ယူဆထားကြပါတယ်။
ဒဲလ်တာနဲ့ ပတ်သက်ပြီး တူညီတဲ့ပြောဆိုမှုတွေကို Facebook ပေါ်က ဒီလင့်ခ်၊ ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ တွေ့ရပါတယ်။
ဒါပေမဲ့ အဲဒီပို့စ်ပါ အကြောင်းအရာတွေဟာ နားလည်မှုလွဲစေနိုင်ပါတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
တူညီတဲ့ရောဂါလက္ခဏာတွေ
"ဒဲလ်တာ ဗိုင်းရပ်စ်မျိုးကွဲမှာ ဖျားတာ၊ ချောင်းဆိုးတာစတဲ့ ရောဂါလက္ခဏာတွေ မပြဘူးဆိုတာတွေဟာ မမှန်ပါဘူး” လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအောက်မှာရှိတဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက AFP ကို ဩဂုတ်လ ၃၀ ရက်မှာ ပြောပါတယ်။ ဒဲလ်တာ ကူးစက်ခံရရင် ကိုဗစ်ရောဂါလက္ခဏာတွေထဲက ဖျားတာ၊ ချောင်းဆိုးတာစတဲ့ သာမန်အအေးမိတဲ့ (Common cold) လက္ခဏာတွေ တွေ့ရတယ်လို့လည်း သူက ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ တာဝန်ရှိသူတစ်ယောက်ကလည်း ဒဲလ်တာ မျိုးကွဲ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေမှာ တွေ့ရတဲ့ ရောဂါလက္ခဏာတွေဟာ အခြားမျိုးကွဲတွေရဲ့ ရောဂါလက္ခဏာတွေနဲ့ အတူတူပဲလို့ AFP ကို ဩဂုတ်လ ၃၀ ရက်က ပြောပါတယ်။
“ဖျားတာ၊ ချောင်းခြောက်ဆိုးတာ၊ ပင်ပန်းနွမ်းနယ်တာတွေဟာအဖြစ်များတဲ့ [ဒဲလ်တာရဲ့] ရောဂါလက္ခဏာတွေ ဖြစ်ပါတယ်” လို့ WHO တာဝန်ရှိသူက ပြောပါတယ်။
ဒါအပြင် အခြား လက္ခဏာတွေဖြစ်တဲ့ အနံ့ အရသာ ပျောက်တာ၊ ဝမ်းပျက်ဝမ်းလျော၊ ခေါင်းကိုက်၊ လည်ချောင်းနာ၊ မျက်လုံးရောင်တာနဲ့ ခန္ဓာကိုယ်မှာ အဖုအပိန့်တွေထွက်တာတွေကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။
နားလည်မှုလွဲစေတဲ့ပို့စ်မှာ ပါဝင်တဲ့ ကိုဗစ်ရောဂါလက္ခာဏာတွေနဲ့ ပတ်သက်ပြီး အမေရိကန် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်တားဆီးရေးဗဟိုဌာန (CDC) က ထုတ်ပြန်တဲ့ အချက်အလက်စာမျက်နှာမှာလည်း ၂၀၂၀ ခုနှစ် မေလကတည်းက ဖော်ပြထားတာ တွေ့ရပါတယ်။
ရောဂါစစ်ဆေးတဲ့နည်းတွေ အလုပ်ဖြစ်ဆဲ
ကိုရိုနာဗိုင်းရပ်စ် ဒဲလ်တာမျိုးကွဲဟာ “ကူးစက်ခံရသူရဲ့ နှာခေါင်းနဲ့လည်ချောင်းအစိတ်အပိုင်းတွေမှာ ကျိန်းသေပေါက် ရှိပါတယ်” လို့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ဝဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Hello Sayarwon ရဲ့ Country Manager ဒေါက်တာ သူရိန်လှိုင်ဝင်းက ဩဂုတ်လ ၂၈ ရက်မှာ AFP ကို ပြောပါတယ်။
သူက နားလည်မှုလွဲစေတဲ့ပို့စ်ပါ ပြောဆိုမှုတွေကို ငြင်းဆိုထားပြီး “ဒဲလ်တာဗိုင်းရပ်စ်မျိုးကွဲကို နှာခေါင်းတို့ဖတ် ရယူပြီး စစ်ဆေးတဲ့နည်းနဲ့ စစ်ဆေးလို့မရဘူးဆိုတဲ့ အထောက်အထား မရှိပါဘူး” လို့ ပြောပါတယ်။
“ကမ္ဘာတစ်ဝှန်းက နိုင်ငံတွေမှာ ကိုဗစ်ရောဂါကူးစက်မှုကို စစ်ဆေးဖို့ ဘယ်ဗိုင်းရပ်စ်မျိုးကွဲအတွက်မဆို နှာခေါင်းတို့ဖတ်ယူပြီး ဓာတ်ခွဲစစ်ဆေးတဲ့နည်းကို အသုံးပြုနေဆဲဖြစ်တယ်” လို့ သူက ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူးတစ်ယောက်ဖြစ်တဲ့ Tedros Adhanom ကတော့ ဒဲလ်တာဗိုင်းရပ်စ်မျိုးကွဲကို ထိန်းချုပ်ဖို့အတွက် “ပိုမို မဟာဗျူဟာကျတဲ့စစ်ဆေးမှုတွေ” လုပ်ဖို့ တိုက်တွန်းထားပါတယ်။
“အဲဒီဗိုင်းရပ်စ် ဘယ်မှာရှိတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကမ္ဘာကြီးရဲ့သိနားလည်မှုကို မြှင့်တင်ဖို့ ပိုပြီးမဟာဗျူဟာကျတဲ့ စမ်းသပ်စစ်ဆေးမှုတွေ လိုအပ်ပါတယ်။ ရောဂါကူးစက်မှုတွေကို ကန့်သတ်ထိန်းချုပ်ဖို့၊ ကူးစက်မှုတွေကို လျှော့ချဖို့နဲ့ ဘယ်နေရာတွေက လူထုကျန်းမာရေးစောင့်ရှောက်မှုတွေ အလိုအပ်ဆုံးလဲဆိုတာ သိနိုင်ဖို့ ဖြစ်တယ်” လို့ သူက ဒီဗီဒီယိုမှာ ပြောဆိုထားပါတယ်။
ဒဲလ်တာဗိုင်းရပ်စ်ရဲ့ ရောဂါလက္ခဏာတွေ၊ ရောဂါစမ်းသပ်စစ်ဆေးမှုတွေနဲ့ ပတ်သက်တဲ့ နားလည်မှုလွဲစေတဲ့ ပြောဆိုမှုတွေကို AFP က အချက်အလက်စိစစ်ခဲ့ပြီး စပိန်နဲ့ ပေါ်တူဂီ ဘာသာစကားတွေနဲ့ ဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။