Dr. Cynthia Maung speaks after accepting the National Endowment for Democracy's (NED) 2012 Democracy Award honoring the Democracy Movement of Burma during a ceremony at the US Capitol in Washington, DC, on September 20, 2012 ( AFP / JIM WATSON)

ဒေါက်တာစင်သီယာမောင်ကို အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့ ဖိတ်ကြားတယ်ဆိုတဲ့ အချက်အလက်အမှား ပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

မြန်မာတပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အာစီယံအစည်းအဝေးကနေ ပိတ်ပင်လိုက်ပြီးနောက် ဒေါက်တာစင်သီယာမောင်ကို မြန်မာနိုင်ငံကိုယ်စားပြုပြီး အစည်းအဝေးတက်ရောက်စေဖို့ ဖိတ်ကြားထားတယ်လို့ ပြောဆိုထားတဲ့ပို့စ်တစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ မျှဝေခဲ့ကြပါတယ်။ ဒေါက်တာစင်သီယာမောင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက “အဲဒါတွေဟာ သတင်းတုတွေ” ဖြစ်တယ်လို့ ငြင်းဆိုခဲ့သလို အစည်းအဝေးမှာ မြန်မာကိုယ်စားလှယ် တက်ရောက်ခဲ့တယ်ဆိုတဲ့ ယုံကြည်စိတ်ချရတဲ့သတင်းတွေလည်း မတွေ့ရပါဘူး။

ဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၅ ရက်က Facebook ပေါ်က ဒီလင့်ခ်မှာ တင်ခဲ့တာ ဖြစ်ပြီး အကြိမ်ရေ ၄,၂၀၀ ကျော် ပြန်လည်မျှဝေခဲ့ကြပါတယ်။

ပို့စ်ရဲ့ ခေါင်းစဉ်မှာ “အာစီယံအစည်းအဝေးတက်ရန် မြန်မာနိုင်ငံ ကိုယ်စားပြု ဒေါက်တာစင်သီယာမောင်ကို ASEAN မှ ဖိတ်ခေါ်”(မူရင်းသတ်ပုံအတိုင်း) လို့ ရေးသားထားပါတယ်။

အဲဒီပို့စ်မှာ ဒေါက်တာစင်သီယာမောင်ရဲ့ ကိုယ်ရေးအကျဉ်းအချက်အလက်တွေကို ဆက်ရေးထားပြီး သူရရှိခဲ့တဲ့ နိုင်ငံတကာဆုတွေစာရင်းကိုလည်း ဖော်ပြထားပါတယ်။

ဒေါက်တာစင်သီယာမောင်ဟာ ကရင်လူမျိုး ဆရာဝန်တစ်ဦးဖြစ်ပြီး ထိုင်းမြန်မာနယ်စပ်က မြန်မာဒုက္ခသည်တွေနဲ့ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်သူတွေအတွက် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတဲ့ မယ်တော်ဆေးခန်းရဲ့ ထူထောင်သူလည်း ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ကို အောက်တိုဘာ ၂၆ ရက်က ရိုက်ယူခဲ့တဲ့ screenshot

အောက်တိုဘာ ၂၆ ရက်မှာ စတင်ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းဝေးမှာ မြန်မာတပ်မတော်ခေါင်းဆောင်ကို တက်ရောက်ခွင့်ပိတ်ပင်ခဲ့တဲ့နောက် မြန်မာတပ်မတော်အစိုးရကလည်း အာဆီယံရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး သဘောမတူကြောင်း ပြသခဲ့ပါတယ်။

ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေအကြား ဆွေးနွေးခဲ့ကြတဲ့ အစည်းအဝေးပထမနေ့ရဲ့ အစီအစဉ်မှာ မြန်မာနိုင်ငံအကြောင်း ထိပ်တန်းရောက်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက စစ်တပ်က အာဏာရယူခဲ့ပြီး ကန့်ကွက်ဆန္ဒဖော်ထုတ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။ ဆန္ဒဖော်ထုတ်မှုတွေကို စစ်တပ်က သေကြေဒဏ်ရာရတဲ့အထိ ဖြို့ခွင်းခဲ့တဲ့နောက်ပိုင်း နိုင်ငံတွင်း မတည်မငြိမ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့တာပါ။

အွန်လိုင်းကတဆင့် ကျင်းပတဲ့ ယခုအာဆီယံထိပ်သီးအစည်းအဝေးကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပြင် တရုတ်နဲ့ ရုရှားနိုင်ငံခေါင်းဆောင်တွေလည်း တက်ရောက်ဖို့ ရှိပါတယ်။

အလားတူရေးသားမှုတွေကို Facebook ပေါ်က ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်၊ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာ တင်ခဲ့တာ တွေ့ရပါတယ်။ နောက်ပြီး Twitter ပေါ်က ဒီလင့်ခ် နဲ့ YouTube ရဲ့ ဒီလင့်ခ်တွေမှာလည်း တင်ခဲ့ပါတယ်။

ဒေါက်တာစင်သီယာမောင်ကို အာဆီယံဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခြင်း မရှိဘူးလို့ သူထူထောင်ခဲ့တဲ့ မယ်တော်ဆေးခန်းက အတည်ပြုပါတယ်။

“အဲဒါက သတင်းတုတွေ ဖြစ်ပါတယ်” လို့ မယ်တော်ဆေးခန်းတာဝန်ရှိသူတစ်ယောက်က AFP ကို ပြောပါတယ်။

ဆေးခန်းရဲ့ တရားဝင် Facebook စာမျက်နှာမှာလည်း အာဆီယံအစည်းဝေးကို ဒေါက်တာစင်သီယာမောင် တက်ရောက်မယ်ဆိုတဲ့ ပို့စ်တွေဟာ သတင်းမှားဖြစ်တဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်။

တပ်မတော်ခေါင်းဆောင်ရဲ့နေရာမှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးကို တက်ရောက်စေဖို့ အာဆီယံက ဖိတ်ကြားခဲ့ပါတယ်။

ဒါပေမဲ့ တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူကတော့ ရာထူးပိုနိမ့်တဲ့သူတစ်ယောက်ယောက်ကို အစည်းအဝေးတက်ရောက်စေတာဟာ “နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ ပုံရိပ်ကို ထိခိုက်စေတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဆွေးနွေးပွဲ ဖွင့်ပွဲမှာလည်း မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်ခဲ့သူ မတွေ့ရပါဘူး။

နိုင်ငံတကာသတင်းဌာနတွေကလည်း အာဆီယံဆွေးနွေးပွဲ ဖွင့်ပွဲကို မြန်မာကိုယ်စားလှယ်မပါဘဲ စတင်ခဲ့တယ်လို့ ဒီလင့်ခ် နဲ့ ဒီလင့်ခ် တွေမှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။

Myanmar military coup