PDF တွေကို မြန်မာတပ်မတော်ကတိုက်ခိုက်တယ်ဆိုတဲ့ နားလည်မှုလွဲစေတဲ့ဓာတ်ပုံဟောင်းတွေပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၂ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

PDF စခန်းတွေကို တပ်မတော်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုထားတဲ့ဓာတ်ပုံတွေကို Facebook ပေါ်မှာ ပြန်လည်မျှဝေနေကြပါတယ်။ ဒါပေမယ့် ဒီပို့စ်တွေဟာ နားလည်မှုလွဲစေပါတယ်။ ဒီပို့စ်တွေမှာပါဝင်တဲ့ဓာတ်ပုံတွေဟာ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေနဲ့ ဆက်စပ်မှုမရှိဘဲ သီးခြားဖြစ်စဉ်တွေဖြစ်ပါတယ်။

ရဟတ်ယာဉ်တွေနဲ့ ပေါက်ကွဲမှုတွေပါဝင်တဲ့ဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၉၀၀ ကျော်ရှိခဲ့ပါတယ်။

ဓာတ်ပုံတွေနဲ့ တွဲတင်ထားတဲ့စာသားတွေက အခုလိုဖြစ်ပါတယ်။

“စစ်ကိုင်းတိုင်းကို..MI35
Mi.17.လင်းယုန်..၁၅စီး
လွန်းထိုးယှက်ဖြာသုတ်သင်နေတယ်.
ရလာဒ်တွေလဲကောင်းတယ်လေ
10.11.2021 တစ်ရက်တည်း
စစ်ကိုင်းနယ်မြေ...PDF 327 ယောက်
သေဆုံး... စခန်း ငါးခု သိမ်းပိုက်...
အရှင် 131 ယောက် ဖမ်းမိ !” (မူရင်းသတ်ပုံအတိုင်း)

တပ်မတော်အာဏာရယူပြီး အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထိန်းသိမ်းခံရတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကစလို့ မြန်မာနိုင်ငံမှာအာဏာသိမ်းမှုနဲ့ဆက်စပ်ပဋိပက္ခတွေ ပေါ်ပေါက်နေတာဖြစ်ပါတယ်။

နိုဝင်ဘာ ၂၃ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot ( Si Thu TUN)

လက်ရှိအချိန်မှာ တပ်မတော်က PDF တွေကို နှိမ်နင်းဖို့ ပိုမိုကြိုးပမ်းလာတဲ့အကြောင်း ဧရာ၀တီသတင်းဌာနက နိုဝင်ဘာလတုန်းက ဒီလင့်ခ်မှာ ရေးသားဖော်ပြထားပါတယ်။

အလားတူပြောဆိုမှုတွေနဲ့အတူ တူညီတဲ့ဓာတ်ပုံတွေကို Facebook ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေခဲ့ကြပါတယ်။

နိုဝင်ဘာလ ၁၀ ရက်နေ့တုန်းက စစ်ကိုင်းမှာ တပ်မတော်လေယာဉ်တွေတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်လို့ AFP အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေမယ့် ဒီဓာတ်ပုံတွေကတော့ ဒီဖြစ်စဉ်နဲ့သက်ဆိုင်မှုမရှိတဲ့ပုံတွေသာဖြစ်ပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံတွေကို မြန်မာနိုင်ငံပြင်ပကဖြစ်ရပ်တွေအကြောင်းရေးသားထားတဲ့ သတင်းဆောင်းပါးတွေနဲ့ ဘလော့ဂ်ပို့စ်တွေကနေ ရယူထားတာ တွေ့ရပါတယ်။

ပထမဓာတ်ပုံ

ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ပထမဓာတ်ပုံကို Twitter ရဲ့ tweet တစ်ခုမှာ ရုရှား MI 35 စစ်ရဟတ်ယာဉ်ဆိုပြီး တင်ထားတာ တွေ့ရပါတယ်။

အဲဒီဓာတ်ပုံကို Twitter ရဲ့ ဒီလင့်ခ်မှာ “Mil #Mi35 Hind-E” ဆိုတဲ့ စာသားနဲ့အတူ ၂၀၂၁ ခုနှစ်၊ မေလ ၂၆ ရက်က တင်ထားတာ ဖြစ်ပါတယ်။

ဓာတ်ပုံကို အနီးကပ်ကြည့်တဲ့အခါ ရဟတ်ယာဉ်အမြီးဖျားမှာ ဆေးခြယ်ထားတဲ့ ရုရှားအလံကို တွေ့ရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ် (ဘယ်) နဲ့ Twitter ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ် (ဘယ်) နဲ့ Twitter ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ဒုတိယဓာတ်ပုံ

ဒုတိယဓာတ်ပုံမှာ စစ်ဘက်ရဟတ်ယာဉ်တစ်စီးက လယ်ကွင်းတစ်ခုဆီကို ဒုံးကျည်နဲ့ပစ်ခတ်နေပုံ တွေ့ရပါတယ်။

အဲဒီဓာတ်ပုံကို Business insider ရဲ့ ဒီဆောင်းပါးမှာ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၃ ရက်က တင်ထားတာ တွေ့ရပါတယ်။

ဆောင်းပါးခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။

“စစ်တပ်ရဲ့ အထူးတပ်ဖွဲ့က ညမင်းသားရဟတ်ယာဉ်လေးစီး တိုက်ပွဲဆီကို ပျံသန်းနေကြ”

ဓာတ်ပုံအညွှန်းစာက အခုလိုဖြစ်ပါတယ်။ “အမေရိကန်တပ်မတော်ရဲ့ အမှတ် ၁၆၀ အထူးစစ်ဆင်ရေးလေကြောင်းတပ်မက MH-60M (DAP) ကနေ ၂.၇၅ မမ ဒုံးကျည်ကို ပစ်ခတ်နေစဉ်”

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ Business Insider ကဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်က ဓာတ်ပုံ (ဘယ်) နဲ့ Business Insider ကဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

တတိယဓာတ်ပုံ

screenshot မှာပါတဲ့ တတိယဓာတ်ပုံမှာတော့ ဖုန်ထူတဲ့လမ်းမထက်က စစ်ယာဉ်တန်းတစ်ခုအပေါ်ဘက်မှာ ပျံဝဲနေတဲ့ ရဟတ်တွေကို တွေ့ရပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ကိုရီးယားဘာသာစကားနဲ့ရေးသားထားတဲ့ဝဘ်ဆိုဒ်တစ်ခုရဲ့ ဒီလင့်ခ်မှာ ထပ်တူတူညီတဲ့ဓာတ်ပုံကို တွေ့ရပါတယ်။ အဲဒီပို့စ်မှာတော့ ဆိုဗီယက်စစ်ပွဲဇာတ်ကား “9th Company” အကြောင်း ရေးသားထားတာဖြစ်ပါတယ်။

အဓိကကျတဲ့စကားလုံးတွေသုံးပြီး ထပ်မံရှာဖွေကြည့်တဲ့အခါ Sohanur Rahman Shuvo အမည်ရှိတဲ့ YouTube ချန်နယ်တစ်ခုရဲ့ဒီလင့်ခ်မှာ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်က တင်ထားတာ တွေ့ရပါတယ်။ အဲဒီဗီဒီယိုရဲ့ ၁ နာရီ၊ ၃၉ မိနစ်၊ ၄၅ စက္ကန့်မှာ ရဟတ်ယာဉ်တွေရဲ့ပုံရိပ်ကို တွေ့နိုင်ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ဓာတ်ပုံ (ဘယ်) နဲ့ ဘလော့ဂ်ပို့စ် (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ကို တွေ့ရပါတယ်။

နားလည်မှုလွဲစေတဲ့ဓာတ်ပုံ (ဘယ်) နဲ့ ဘလော့ဂ်ပို့စ် (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

စတုတ္ထဓာတ်ပုံ

စတုတ္ထဓာတ်ပုံမှာတော့ မီးလောင်တဲ့နေအိမ်တွေကနေ အလိပ်လိုက် တက်လာတဲ့မီးခိုးတွေကို တွေ့ရပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို မြန်မာနိုင်ငံမှာ တပ်မတော်အာဏာမရယူခင် ခုနစ်နှစ်ကျော် ၂၀၁၃ ခုနှစ်၊ မတ်လ ၂၇ ရက်ကတည်းက မဇ္ဈိမသတင်းဆောင်းပါးတစ်ပုဒ်မှာ တင်ထားတာတွေ့ရပြီး ဒုက္ခသည်စခန်းမီးလောင်တဲ့ဖြစ်စဉ်သာဖြစ်ပါတယ်။

သတင်းခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ဒုက္ခသည်စခန်းမီးလောင်ပြီးနောက် ရဲချုပ်ရွှေ့ပြောင်းခံရ”

သတင်းပါ စာသားအချို့က အခုလိုဖြစ်ပါတယ်။

“သောကြာနေ့က လူ ၄၀ သေဆုံးခဲ့ရသည့် Mae Surin ဒုက္ခသည်စခန်း မီးလောင်မှုဖြစ်စဉ်ကို ကိုင်တွယ်ဖြေရှင်းရာတွင် ပေါ့လျော့မှုများရှိခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် Khun Yuam ခရိုင်ရဲချုပ်ကို တနင်္လာနေ့က နေရာရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။”

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ မဇ္ဈိမဆောင်းပါးပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ မဇ္ဈိမဆောင်းပါးပါဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

အရင်ကလည်း အဲဒီဓာတ်ပုံကို တခြားအချက်အလက်မှား Facebook ပို့စ်တစ်ခုမှာ အသုံးပြုခဲ့ဖူးပြီး AFP က ဒီလင့်ခ်မှာ အချက်အလက်စိစစ်ဖော်ထုတ်ရေးသားခဲ့ဖူးပါတယ်။

ပဉ္စမဓာတ်ပုံ

ပဉ္စမဓာတ်ပုံမှာတော့ လယ်ကွင်းတစ်ခုမှာ ပေါက်ကွဲမှုဖြစ်နေတဲ့ပုံရိပ်ကို တွေ့မြင်ရပါတယ်။

အဲဒီဓာတ်ပုံကို Daily Mail သတင်းရဲ့ ဒီလင့်ခ်မှာ တပ်မတော်အာဏာမရယူခင် လွန်ခဲ့တဲ့ခြောက်နှစ်ကျော် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့ကတည်းက တင်ထားတာ တွေ့ရပါတယ်။

ဆောင်းပါးခေါင်းစဉ်က အခုလိုဖြစ်ပါတယ်။ “ဗုံးပေါက်ကွဲခြင်း - ဗုံးရှင်းလင်းရေးအဖွဲ့က ရာနှင့်ချီသောဗုံးများ၊ သေနတ်များနှင့် လက်ပစ်ဗုံးများကို တွေ့ရှိရပြီးနောက် လယ်ကွင်းတစ်ခုအတွင်း ဖောက်ခွဲဖျက်ဆီးခဲ့ကြသည်”

စစ်အကျဉ်းစခန်းတစ်ခုကနေ ခိုးယူတယ်လို့ သံသယရှိတဲ့အမျိုးသားတစ်ဦးပိုင် ဂိုထောင်တစ်ခုထဲမှာ သေနတ်တွေနဲ့ အမြောက်ဆန်တွေအပါအဝင် စစ်ပွဲနဲ့ဆိုင်တဲ့ ပစ္စည်းအမြောက်အမြားတွေ့ရှိရပြီးနောက်မှာ ဗုံးရှင်းလင်းရေးအဖွဲ့က အင်္ဂလန်မှာရှိတဲ့လယ်ကွင်းတစ်ခုထဲ အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ သတင်းမှာ ရေးသားထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ Daily Mail ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ Daily Mail ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

ဒေသတွင်းသတင်းစာတစ်ခုဖြစ်တဲ့ The St Albans Review ကတော့ ဖောက်ခွဲမှုနဲ့ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးကနေ ရိုက်ကူးထားတဲ့ဗီဒီယိုကို ဒီလင့်ခ်မှာ တင်ထားပါတယ်။

MYANMAR MILITARY COUP