A boy wearing a faceshield waits to receive a checkup on a health clinic on a bus during a medical checkup and contact tracing campaign in Yangon on September 9, 2020. (AFP / Ye Aung Thu)

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကာလအတွင်း ရိုဟင်ဂျာတွေကို မြန်မာရေတပ်က ပိတ်ဆို့ ပစ်ခတ်နေပြီ ဆိုတဲ့ သတင်းမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 29 စက်တင်ဘာ 2020 အချိန် 05h20
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP မြန်မာ
နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ မြန်မာနိုင်ငံထဲ ဝင်ရောက်လာတဲ့ “ဘင်္ဂါလီတွေ”(မူရင်းပို့စ်ပါ အသုံးအနှုန်း) ကို တားဆီးဖို့ မြန်မာ့တပ်မတော်(ရေ)က ပိတ်ဆို့ ပစ်ခတ်နေတယ်လို့ ပြောဆိုထားတဲ့ ဓာတ်ပုံ (၄) ပုံကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ မျှဝေခဲ့ကြပါတယ်။ အဲဒါဟာ သတင်းမှား ဖြစ်ပါတယ်။ တကယ်တော့ အဲဒီပုံတွေဟာ မြန်မာ့တပ်မတော်(ရေ)ရဲ့ တရားဝင် Facebook စာမျက်နှာပေါ်က ဓာတ်ပုံဟောင်းတွေ ဖြစ်ပြီး၊ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးမတိုင်မီကတည်းက ရေတပ်ရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

“ဘင်္ဂါလီ” ဆိုတာ ရိုဟင်ဂျာတွေကို တရားမဝင်ရောက်ရှိ နေထိုင်သူတွေ အဖြစ် မြန်မာနိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့် နှိမ်ချခေါ်ဝေါ်တဲ့ အသုံးအနှုန်း ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံတွေကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ (၁၄) ရက်က Facebook ရဲ့ ဒီနေရာမှာ ဖော်ပြခဲ့ပြီး၊ အကြိမ်ရေ ၁,၀၀၀ ကျော် မျှဝေထားတာ တွေ့ရပါတယ်။

Image

၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ရဲ့ screenshot

ပို့စ်ရဲ့ ခေါင်းစဉ်မှာ “နောက်ဆုံးတော့လည်း တပ်မတော်ကပဲ အမုန်းခံလိုက်ပါပြီ” လို့ ရေးသားထားပါတယ်။

“လက်ခံဖို့ ချပြထားသော ဘင်္ဂလီများအား Covid 19 သံသယဖြင့် ပြည်ထဲမဝင်ရန် တပ်မတော်မှ ဖိဖိစီးစီး တားဆီးကာ Navy စစ်သင်္ဘောများမှ တားဆီးပစ်ခတ်မှုစတင်ပါပြီ”(မူရင်းသတ်ပုံအတိုင်း)လို့လည်း အဲဒီပို့စ်မှာ ရေးသားထားပါတယ်။

တစ်ဆက်တည်းမှာပဲ “တိုင်းပြည်ချစ်သူမှန်ရင် နားလည်ကြပါ၊ မြန်မာပြည်သားများ အန္တရာယ်အတွက်သာ ဦးစားပေးပါမည်၊ ဘင်ဂါလီ မဝင်ရ၊ ပိုးမပြန့်စေရ” လို့လည်း ရေးသားထားပါတယ်။

အလားတူ ပို့စ်တွေကို Facebook ရဲ့ ဒီနေရာဒီနေရာတွေမှာလည်း ဖော်ပြထားတာ တွေ့ရပါတယ်။

ဒါပေမဲ့၊ ဒီရေးသားချက်တွေဟာ မှားယွင်းနေပါတယ်။

ဓာတ်ပုံတွေကို Google ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာ ဓာတ်ပုံ (၄) ပုံလုံးဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး စတင်မဖြစ်ပွားမီကတည်းက မြန်မာ့တပ်မတော်(ရေ)ရဲ့ တရားဝင် Facebook စာမျက်မှာပေါ်မှာ ဖော်ပြခဲ့တဲ့ ဓာတ်ပုံအဟောင်းတွေ ဖြစ်နေတာ တွေ့ရပါတယ်။ 

အဲဒီထဲက စစ်ရေယာဉ်စုတွေကို ဖော်ပြထားတဲ့ ပုံနှစ်ပုံကို တပ်မတော် (ရေ) ရဲ့ တရားဝင် Facebook စာမျက်နှာရဲ့ ဒီနေရာမှာ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၂၇)က ဖော်ပြခဲ့ပါတယ်။

Image

အဲဒီပို့စ်မှာ “Individually , we are one drop. Together we are an ocean.”(ကျွန်ုပ်တို့သည် တစ်ကိုယ်တည်းဆိုလျှင် ရေတစ်စက်၊ အတူတကွဆိုလျှင် သမုဒ္ဒရာ) လို့ ရေးသားထားပါတယ်။ ပုံတွေနဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်ကိုတော့ ရေးသားထားတာ မတွေ့ရပါဘူး။

အောက်မှာ သတင်းမှားပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ တပ်မတော်-ရေ Facebook ပို့စ်ပါ ဓာတ်ပုံ (ညာ) ကို နှိုင်းယှဉ်ပြထားတဲ့ screenshot တွေ ဖြစ်ပါတယ်။

Image
Image

နောက်ထပ် လက်နက်ပစ်ခတ်နေတဲ့ စစ်ရေယာဉ်ပုံပါတဲ့ ဓာတ်ပုံကိုလည်း မြန်မာတပ်မတော်-ရေ Facebook စာမျက်နှာရဲ့ ဒီနေရာမှာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၁၈) ရက်က ဖော်ပြထားတာ တွေ့နိုင်ပါတယ်။

အဲဒီပို့စ်မှာ “ဘင်္ဂလားပင်လယ်အော်ကို ကျော်ဖြတ်၍.......” ဆိုပြီး မြန်မာလို ရေးသားထားပါတယ်။

Image

အောက်မှာ သတင်းမှားပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ တပ်မတော်-ရေ Facebook ပို့စ်ပါပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image

နောက်ဆုံးပုံဖြစ်တဲ့ စက်လှေပေါ်က လူတွေရဲ့ပုံကိုလည်း တပ်မတော်-ရေ Facebook စာမျက်နှာရဲ့ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာ ၁၉ ရက်က ဒီထုတ်ပြန်ချက်မှာ ဖော်ပြထားတာတွေ့ရပါတယ်။

Image

အဲဒီဓာတ်ပုံဟာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလက မြန်မာ့ရေပိုင်နက်အတွင်းမှာ စက်ပျက်ပြီး မျော‌ပါလာတဲ့ သီရိလင်္ကာနိုင်ငံက ရေလုပ်သားငါးဦးရဲ့ ဓာတ်ပုံဖြစ်ပါတယ်။

တပ်မတော် (ရေ) က ထုတ်ပြန်တဲ့သတင်းမှာ “ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့၊ သမီးလှကျွန်း၏ အရှေ့တောင်ဘက် ၁၈.၅မိုင်ခန့်အကွာ မြန်မာ့ရေပိုင်နက်အတွင်း စက်ပျက်ပြီးမျောပါနေသော သီရီလင်္ကာနိုင်ငံမှ ငါးဖမ်းရေယာဉ်တစ်စီးနှင့် အတူရေလုပ်သားငါးဦးကို ယခုလ ၁၇ ရက် ညနေ ၆ နာရီအချိန်ခန့်တွင် တပ်မတော် ရေ မှ စစ်ရေယာဉ်က ကယ်ဆယ်ပေးနိုင်ခဲ့သည်(မူရင်းသတ်ပုံ)” လို့ ဖော်ပြထားပါတယ်။

အောက်မှာ သတင်းမှားပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ တပ်မတော်-ရေ Facebook ပို့စ်ပါပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image

အဲဒီဓာတ်ပုံနဲ့ အနီးစပ်ဆုံး ဆင်တူတဲ့ ဓာတ်ပုံကိုလည်း သီရိလင်္ကာနိုင်ငံ၊ အွန်လိုင်းသတင်းစာတစ်ခု ဖြစ်တဲ့ Colombo Page ရဲ့ ဒီသတင်းမှာ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလက ဖော်ပြခဲ့တာ တွေ့ရှိရပါတယ်။ အဲဒီဓာတ်ပုံဟာ ပင်လယ်ပြင်မှာ စက်ပျက်ပြီး မျောပါခဲ့တဲ့ သီရိလင်္ကာ ငါးဖမ်းသမားတွေ ဖြစ်တဲ့အကြောင်း Colombo Page က ဖော်ပြခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ