ကွမ်းစားရင် COVID-19 ကိုကာကွယ်နိုင်တယ်ဆိုတဲ့သတင်းမှား ပျံ့နှံ့

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

ကွမ်းစားရင် COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်တယ်ဆိုထားတဲ့အဆိုကို Facebook ပေါ်မှာ အကြိမ်ရေ သောင်းနဲ့ချီ ပြန်လည်မျှဝေခဲ့ကြပါတယ်။ ဒါပေမယ့် ဒီအဆိုက မှားယွင်းနေပြီး မြန်မာနိုင်ငံကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အရာရှိကရော ဥရောပစားသောက်ကုန်ဘေးအန္တရာယ်ကင်းရှင်းရေးအာဏာပိုင်အဖွဲ့ကပါ ဒီအဆိုဟာ မမှန်ဘူးဆိုတဲ့အကြောင်း AFP ကို ပြောပါတယ်။

အဲဒီအဆိုကို ၂၀၂၀ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့တုန်းက Facebook ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၃၄,၀၀၀ ကျော် ရှိခဲ့တာပါ။

နားလည်မှုလွဲစေနိုင်တဲ့ Facebook ပို့စ်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့က ရယူထားတဲ့ screenshot

နားလည်မှုလွဲစေနိုင်တဲ့ပို့စ်ပါစာသားတချို့ကတော့ အခုလိုပဲဖြစ်ပါတယ်။ 

“ကဲ ကွမ်းစားတဲ့ ညီနောင်တွေ ပျော်လို့ရပီ
ကွမ်းယာမှာပါတဲ့ ထုံးဓာတ်Ca(OH)2 အယ်ကာလီက
အဆီလွှာကိုပေါက်ပြဲပျက်စီးစေတာကြောင့်
အဆီလွှာနဲ့ဖုံးအုပ်ထားတဲ့ ကိုဗစ် ပိုးကို
သေကြေပျက်စီးစေပါတယ်
မတော်တဆ ပါးစပ်ထဲရောက်လာတဲ့ ကိုဗစ် ပိုးဟာ
ထုံးဓာတ်ကြောင့် သေကြေပျက်စီးပါတယ်
တရုတ်ပြည်ဝူဟန်မှာ ထုံးအမှုန့်တွေဖြန်းပီးနောက်ပိုင်း
ပိုးကူးစက်မှု ရပ်တန့်သွားကြောင်း
အခု လက်ရှိ postive
ဝေဒနာသည်တွေဟာ ကွမ်းမစားသူတွေဖြစ်ကြကြောင်း
ထို့ကြောင့် ကွမ်းစားများတဲ့ မြန်မာမှာ ကူးစက်မှု
နည်းနေကြောင်း
ကွမ်းစားခြင်းကိုအားပေးတာမဟုတ်ပေမဲ့ လက်ရှိတွေ့ရှိ
ချက်တွေကို ထုတ်ပြန်ထားတာပါ” (မူရင်းသတ်ပုံအတိုင်း)

ကွမ်းယာမှာ အဓိကအားဖြင့် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံးနဲ့ ဆေးရွက်ကြီးပါဝင်တာဖြစ်ပြီး မြန်မာနိုင်ငံမှာ ကွမ်းစားသူတော်တော်များများ ရှိနေပါတယ်။ ဒါပေမယ့် ကွမ်းယာကို ပုံမှန်စားမယ်ဆိုရင် ခံတွင်းကင်ဆာဖြစ်နိုင်ချေရှိတယ်လို့ ဆရာဝန်တွေ သတိပေးထားတဲ့အကြောင်း AFP ရဲ့သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။

အလားတူပို့စ်တွေကို တူညီတဲ့ပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေခဲ့ကြတာပါ။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်တွေနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲက ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးကို AFP က ဆက်သွယ်မေးမြန်းတဲ့အခါ ကွမ်းယာစားရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို ကြိုတင်ကာကွယ်နိုင်တယ်ဆိုတဲ့အဆိုဟာ “လုံးဝကို မှားယွင်းပါတယ်” လို့ ဒေါက်တာခင်ခင်ကြီးက ဖြေပါတယ်။ 

“ဒီသတင်းက လုံးဝအမှားကြီးပါ။ ကွမ်းစားထုံးက ကိုရိုနာဗိုင်းရပ်စ်ကို မသေစေနိုင်ပါဘူး။ ကွမ်းစားပြီး ကွမ်းတံတွေ လျှောက်ထွေးတာကမှ ရောဂါပိုးကို ပိုမိုကူးစက်စေနိုင်ပါတယ်” လို့ ဒေါက်တာခင်ခင်ကြီးက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့မှာ AFP ကို ဖုန်းကနေတစ်ဆင့် ဖြေကြားခဲ့တာပါ။

ဥရောပစားသောက်ကုန်ဘေးအန္တရာယ်ကင်းရှင်းရေးအာဏာပိုင်အဖွဲ့ကလည်း ဖောက်ထုံး (slaked lime, Ca(OH)2) က ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကိုကာကွယ်နိုင်တယ်ဆိုတဲ့အချက်ကို ငြင်းဆိုထားပါတယ်။ 

“ဥရောပသမဂ္ဂ (EU) မှာတော့ အစားအသောက်တွေမှာဖြည့်စွက်ထည့်သွင်းတဲ့ သို့မဟုတ် ထပ်ပေါင်းထည့်လိုက်တဲ့ ကယ်လ်စီယံဟိုက်ဒြောဆိုဒ်ဟာ ကျန်းမာရေးကိုအထောက်အကူပြုတယ်ဆိုပြီး အတည်ပြုထုတ်ပြန်ထားတာမရှိပါဘူး” လို့ ဥရောပစားသောက်ကုန်ဘေးအန္တရာယ်ကင်းရှင်းရေးအာဏာပိုင်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့မှာ AFP ကို အီးမေးလ်ကနေတစ်ဆင့် ဖြေကြားခဲ့ပါတယ်။

COVID-19