Medical personnel wearing personal protective equipment (PPE), take swab sample from a boy during medical tests for domestic airline passengers at the Covid-19 coronavirus rapid diagnostic testing centre in central Yangon ahead of their scheduled travel on December 21, 2020. (Photo by Sai Aung Main / AFP) (AFP / Sai Aung Main)

COVID-19 ကို တိုက်ထုတ်နိုင်တဲ့ WHO မြန်မာတိုင်းရင်းဆေးတွေ့ပြီလို့ ဆိုထားတဲ့ သတင်းမှား

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 22 ဒီဇင်ဘာ 2020 အချိန် 08h30
  • အပ်ဒိတ်ရက်စွဲ 22 ဒီဇင်ဘာ 2020 အချိန် 08h30
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP အိန္ဒိယ, AFP မြန်မာ
ငရုပ်ကောင်း၊ ချင်း၊ ပျားရည် ပါဝင်ပြီး COVID-19 ရောဂါကို ကာကွယ် ကုသနိုင်တဲ့ မြန်မာတိုင်းရင်းဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က အသိအမှတ်ပြုလိုက်ပြီ ဆိုထားတဲ့ ပို့စ်တစ်ခုကို Facebook ပေါ်မှာ အကြိမ်ရေထောင်နဲ့ချီ မျှဝေထားကြပါတယ်။ အဲဒီအဆိုဟာ မှားယွင်းပါတယ်။ ငရုပ်ကောင်း၊၊ ချင်းနဲ့ ပျားရည်တို့ဟာ ကျန်းမာရေးအတွက် အထောက်အကူပြုပေမယ့် COVID-19 ကို ကာကွယ်ကုသနိုင်ခြင်း မရှိဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။ အလားတူသတင်းမျိုး အိန္ဒိယနိုင်ငံမှာလည်း ပျံ့နှံ့ခဲ့ပြီး၊ WHO ရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ဒီသတင်းကို ငြင်းဆိုထားပါတယ်။

အဲဒီပို့စ်ကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာ ဖြစ်ပြီး အကြိမ်ရေ ၃၄,၀၀၀ ကျော် မျှဝေခဲ့ကြပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ screenshot

နားလည်မှုလွဲစေတဲ့ပို့စ်မှာ “ကိုဗစ်ကို တိုက်ထုတ်ဘို့ ဒို့မြန်မာတိုင်းရင်း ဆေးတွေ့ပါပြီ” လို့ ရေးထားပါတယ်။ 

“ကမ္ဘာကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုလိုက်တဲ့ တိုင်းရင်းဆေးပါ။ ကိုဗစ်ရောဂါဖြစ်နေသူဆို (၅) ရက်နဲ့ ကိုဗစ်ရောဂါ ပျောက်ကင်းစေပြီး၊ မဖြစ်သေးသောသူတွေလည်း ကြိုတင်ကာကွယ်ထားဖို့ မအိပ်ခင် တဇွန်းကို ရေနွေးနွေးလေးနဲ့ နေ့စဉ်သောက်ပြီး နေပါ ကိုဗစ်ကို ကာကွယ်ပေးပါမည်” လို့ ရေးထားတာပါ။

အဲဒီပို့စ်မှာ ဆေးနည်းအဖြစ် ငရုပ်ကောင်း၊ ပျားရည်နဲ့ ချင်းတို့ကို ထုထောင်းပြီး မတ်ခွက်သုံးခွက်စာ ကြိုသောက်ရမယ်လို့ ဆိုထားပြီး ရောဂါရှိသူတွေဟာ ငါးရက်အတွင်း သက်သာပျောက်မယ်လို့ ရေးထားပါတယ်။

အလားတူပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ထားပါတယ်။

အဲဒီအဆိုဟာ မှားယွင်းပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO)ရဲ့ ဝက်ဘ်ဆိုက်မှာ “Fact or Fiction” (အချက်အလက်လား၊ စိတ်ကူးယဉ်လား” ဆိုတဲ့ အမေးအဖြေကဏ္ဍမှာ ငရုပ်ကောင်း၊ ပျားရည်နဲ့၊ ချင်းကို ရောကျိုပြီး သောက်သုံးတာဟာ COVID-19 ကို ကာကွယ်ကုသနိုင်တဲ့ဆိုတဲ့ အထောက်အထား မရှိဘူးလို့ ဖော်ပြထားပါတယ်။

Image

အလားတူပဲ WHO ဝက်ဘ်ဆိုက်မှာ “အရှေ့တိုင်းရိုးရာဆေးဝါးများနှင့် အိမ်တွင်းကုထုံးများသည် COVID-19 ရောဂါ (မပြင်းထန်တဲ့အဆင့်) ၏ လက္ခဏာများကို လျှော့ချ သက်သာစေနိုင်သော်လည်း ရောဂါအား ကာကွယ် ကုသနိုင်သည့် ဆေးဝါး မရှိသေးကြောင်း၊ ပဋိဇီဝဆေးများအပါအဝင် မည်သည်ဆေးကို အသုံးပြု၍ဖြစ်စေ မိမိကိုယ်တိုင်ကုသခြင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် အားမပေးကြောင်း” ဖော်ပြထားပါတယ်။

အလားတူဆင်တူတဲ့ အကြောင်းအရာမျိုး အိန္ဒိယနိုင်ငံမှာလည်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လက ပျံ့နှံ့ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ WHO တာဝန်ရှိသူ Supriya Bezbaruah က အဲဒီသတင်းတွေဟာ “သတင်းမှား”တွေလို့ AFP ကို ဖြေကြားခဲ့ပါတယ်။

“ဒါဟာ သတင်းမှားတွေပါ၊ WHO အနေနဲ့ COVID-19 ကို ကုသဖို့ ဘယ်အိမ်တွင်းဆေးဝါး ကုထုံးကိုမှ ခွင့်ပြုထားခြင်း မရှိပါဘူး” လို့ သူက ပြောပါတယ်။

ချင်းနဲ့ ပျားရည်ဟာ COVID-19 ကို ကုသနိုင်တယ်လို့ဆိုထားတဲ့ သတင်းမှားတွေကို ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ AFP က သတင်းအချက်အလက်စိစစ်ခဲ့ပြီး ဖြစ်ပါတယ်။

COVID-19 ကုသရာမှာ ငရုပ်ကောင်းရဲ့ ထိရောက်မှုနဲ့ ပတ်သက်ပြီး WHO က “ငရုပ်ကောင်းကို ဟင်းချိုနှင့် အစားအသောက်တွေမှာ ထည့်ရုံနဲ့ COVID-19 ကို ကာကွယ်၊ ကုသနိုင်ခြင်း မရှိဘူး” လို့ ပြောဆိုထားပါတယ်။

WHO ဝက်ဘ်ဆိုက်ရဲ့ ဒီလင့်ခ်မှာ ဖော်ပြထားတာက “အစားအသောက်မှာ ပါတဲ့ ပူစပ်တဲ့ဟင်းခတ်ပစ္စည်းတွေဟာ အရသာရှိသော်လည်း၊ COVID-19 ကို ကုသနိုင်ခြင်း မရှိပါဘူး။ ကိုရိုနာဗိုင်းရပ်စ်ကနေ အကောင်းဆုံးကာကွယ်တဲ့ နည်းလမ်းတွေက အခြားသူတွေနဲ့ အနည်းဆုံး တစ်မီတာအကွာမှာ နေထိုင်ခြင်း၊ လက်ကို ခဏခဏဆေးကြောခြင်းတွေပဲ ဖြစ်ပါတယ်။ အာဟာရမျှတတဲ့အစားအသောက် စားခြင်း၊ ရေဓာတ်ထိန်းသိမ်းခြင်း၊ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းနဲ့ ကောင်းမွန်စွာ အိပ်စက်ခြင်းတွေကလည်း အထွေထွေ ကျန်းမာရေးအတွက် အထောက်အကူ ပြုနိုင်တယ်” လို့ ဖော်ပြထားပါတယ်။

Image
WHO ဝဘ်ဆိုဒ်မှ screenshot

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ