“ပိုးသတ်ကတ်” ဟာ COVID-19 ကူးစက်မှုကို အကာအကွယ်မပေးနိုင်ဘူးလို့ ပညာရှင်တွေဆို
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 08 ဒီဇင်ဘာ 2020 အချိန် 08h14
- အပ်ဒိတ်ရက်စွဲ 27 ဧပြီ 2021 အချိန် 17h48
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP မြန်မာ
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၄။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
“ပိုးသတ်ကတ်” လို့အမည်တပ်ထားတဲ့ ပစ္စည်းကိုကိုင်ပြထားပြီး ကိုယ်တိုင်လည်း လည်ပင်းမှာဆွဲပြထားတဲ့ အမျိုးသားတစ်ဦးရဲ့ဓာတ်ပုံ ၃ ပုံကို online shop တစ်ခုကနေ Facebook ရဲ့ ဒီလင့်ခ်မှာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်နေ့က တင်ထားတာဖြစ်ပါတယ်။ အဲဒီပို့စ်ကို Facebook မှာ ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၅၈၁ ကြိမ် ရှိခဲ့ပါတယ်။
ပို့စ်ပါစာသားတချို့ကတော့ အခုလိုဖြစ်ပါတယ်။ “လည်ပင်းလေးဆွဲထားရုံနဲ့ ၃ပေပတ်လည်ကvirusတွေကိုပိတ်ဆို့ကာကွယ်ပေးပါတယ်
ကုမ္မဏီများ၊ဌာနဆိုင်ရာများနှင့် လူအများနှင့်ထိတွေဆက်ဆံသူတိုင်းဆောင်ထားရင်အကျိုးမယုတ်ပါဘူး။
ဘေးထွက်ဆိုးကျိုးလည်းမရှိပါဘူး။” (မူရင်းအတိုင်း)
အလားတူပို့စ်တစ်ခုကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်နေ့က ဒီလင့်ခ်မှာ တင်ထားပါသေးတယ်။
အဲဒီပို့စ်မှာ ပါဝင်တဲ့စာသားအချို့က အခုလိုပါ။ “?ချစ်သူနဲ့အပြင်ထွက်လည်လို့ရပီပေါ့?
ငဗစ်လဲကြောက်နေတုန်းလာ??
????စိတ်မပူနှင့်
စတိုင်ကျလည်ဆွဲလေးနဲ့ဗိုင်းရပ်စ်ပိုး ကာကွယ်ကဒ်
Virus Block Out (Sterilization Card) 99.9% Sterilization Rate” (မူရင်းအတိုင်း)
တူညီတဲ့ပြောဆိုမှုတွေနဲ့ အလားတူပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တင်ထားပါသေးတယ်။
ဒီပို့စ်ပါအချက်အလက်တွေဟာ နားလည်မှုလွဲစေနိုင်ပါတယ်။ ဒီကတ်တွေဟာ လူသားတွေကို COVID-19 ကနေရော တခြားရောဂါတွေကနေပါ ဘယ်လိုမှအကာအကွယ်မပေးနိုင်ဘူးလို့ သိပ္ပံပညာရှင်တွေနဲ့ ဆေးပညာရှင်တွေက AFP ကို ပြောပါတယ်။
'အတုအယောင်' ထုတ်ကုန်
လန်ဒန်မြို့၊ Barts Health ဆေးရုံက ကူးစက်လွယ်သောရောဂါများနှင့် အဏုဇီဝပိုးမွှားဆိုင်ရာ အတိုင်ပင်ခံပါရဂူ Robert Serafino ကတော့ ဒီကတ်တွေဟာ ထိရောက်မှုမရှိပါဘူးလို့ ပြောပါတယ်။
“ဒါတွေက အတုအယောင်တွေဖြစ်ပြီး ကမ္ဘာပေါ်မှာ သုံးစွဲခွင့် ပိတ်ပင်သင့်ပါတယ်” လို့ ၎င်းက AFP ကို ပြောပါတယ်။
“SARS-COV2 ဟာ မသန့်ရှင်းတဲ့မျက်နှာပြင်ပေါ်မှာ ပိုးသတ်ဆေးနဲ့ တိုက်ရိုက်ထိတွေ့မယ်ဆိုရင် အချိန်ကာလအတိုင်းအတာတစ်ခုအထိ မပျံ့ပွားနိုင်တော့ပါဘူး။ ဒီပစ္စည်းကကျတော့ လေထဲမှာ ဗိုင်းရပ်စ်မပျံ့အောင် ကာကွယ်နိုင်တယ်လို့ ပြောနေပါတယ်။ တကယ်တမ်း ဒီပစ္စည်းမှာ ဘယ်လိုပိုးသတ်ဆေးဝါးကို သုံးထားလဲဆိုတာမျိုးတော့ မပြောထားပါဘူး” လို့ ၎င်းက ဆိုပါတယ်။
Edinburgh တက္ကသိုလ်က ကူးစက်လွယ်သောရောဂါများနှင့် အဏုဇီဝပိုးမွှားဆိုင်ရာ အထူးကုဆရာဝန်ကြီး Charles Ochero ကတော့ ဒီကတ်တွေ အသုံးပြုတာကို အားမပေးဘူးလို့ ပြောပါတယ်။
“ဒီကတ်တွေကို ကမ္ဘာ့ဘယ်နေရာမှာမှ တရားဝင်အတည်မပြုထားပါဘူး။ ဒီကတ်တွေဟာ ဗိုင်းရပ်စ်နဲ့ ဘတ်တီးရီးယားပိုးတွေကို ထိထိရောက်ရောက်ကာကွယ်နိုင်တယ်ဆိုပြီးတော့လည်း သိပ္ပံနည်းကျသက်သေအထောက်အထားမရှိပါဘူး” လို့ ၎င်းက ဆိုပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ တရားဝင်စမ်းသပ်စစ်ဆေးထားတာမျိုးမဟုတ်ဘဲ COVID-19 ကာကွယ်ဆေး/ကုသဆေးဆိုပြီး ဆေးဈေးကွက်ထဲ ဖြန့်နေတဲ့ပစ္စည်းတွေကို (အသုံးမပြုကြဖို့) အကြိမ်ကြိမ်သတိပေးထားပြီးဖြစ်ပါတယ်။ မတ်လတုန်းကလည်း နိုင်ငံတော်တော်များများမှာ “COVID-19 ကြိုတင်စမ်းသပ်၊ ကုသနိုင်တယ်လို့ဆိုထားတဲ့ ဆေးပစ္စည်းအတုတွေ အရေအတွက် များလာတဲ့အကြောင်း WHO က ကြေညာခဲ့ဖူးပါတယ်။
“လွန်စွာအန္တရာယ်ရှိ”
အနောက်သြစတြေးလျတက္ကသိုလ်၊ ကူးစက်တတ်သောရောဂါများဆိုင်ရာ ပုဂ္ဂလိကသုတေသီတစ်ဦးဖြစ်သူ Mark Ajak ကတော့ ဒီကတ်တွေဟာ လေထုကို စစ်ထုတ်ဖို့ အတွင်းထဲမှာ filter (စစ်ထုတ်ပေးသောအရာ) တွေ သုံးထားတယ်လို့ AFP ကို ပြောပါတယ်။ ဒီအရာဟာ ဘတ်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေအပါအဝင် လေထုထဲကနေတစ်ဆင့် ပျံ့နှံ့တတ်တဲ့အရာတွေအတွက်နဲ့ လေထုကိုသန့်စင်ဖို့အတွက်ရည်ရွယ်တာဖြစ်ပါတယ်။
ဗိုင်းရပ်စ်ကတ်တွေဟာ တိရစ္ဆာန်အမွေးလို လေထဲက ကြီးမားတဲ့အမှုန်တွေကို ဖမ်းယူကောင်းဖမ်းယူပေးနိုင်မှာဖြစ်ပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဟာ ဒီကိရိယာတွေ ဖမ်းယူပေးနိုင်တဲ့ပမာဏထက် သေးငယ်လွန်းတာမို့ COVID-19 အတွက်တော့ ထိရောက်မှုရှိမှာမဟုတ်ဘူးလို့ ၎င်းက ဆိုပါတယ်။
“ဗိုင်းရပ်စ်ကတ်အယူအဆဟာ လေထုသန့်စင်ရေးစက် (air purifier) ကို အခြေခံထားတာပါ။ လေထုသန့်စင်ရေးစက်တွေဟာ လူတွေကြားထဲက လေထုရဲ့အရည်အသွေးကို ပိုမိုကောင်းမွန်စေဖို့ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်စေတတ်တဲ့ လေထုထဲကအရာတွေကို သန့်စင်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဒီလေသန့်စက်တွေဟာ ဗိုင်းရပ်စ်တွေကိုတော့ မသတ်နိုင်ပါဘူး။ ဘာလို့လဲဆိုရင် ဗိုင်းရပ်စ်တွေက အရွယ်အစား သေးလွန်းလို့ပါ။ COVID-19 ဟာ လူအချင်းချင်းကူးစက်တာမို့ ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်တဲ့တစ်ခုတည်းသောနည်းလမ်းကတော့ တင်းကြပ်စွာချမှတ်ထားတဲ့ စည်းကမ်းတွေကိုလိုက်နာပြီး ပိုးသတ်ဆေးပြင်းပြင်း ဒါမှမဟုတ် ဆပ်ပြာသုံးတာပါပဲ” လို့ Ajak က ဆိုထားပါတယ်။
ဗိုင်းရပ်စ်ကတ်တွေဟာ “လွန်စွာအန္တရာယ်ဖြစ်နိုင်ချေများတယ်” လို့လည်း ၎င်းက ထပ်လောင်း သတိပေးထားပါသေးတယ်။
“ဗိုင်းရပ်စ်ကတ်တွေမှာ ကလိုရင်းအောက်ဆိုဒ်ပါတယ်။ ဒီဓာတ်က မျက်နှာပြင်တွေပေါ်မှာတော့ ထိရောက်မှုရှိပေမယ့် အသက်ရှူလမ်းကြောင်းကိုတော့ ဆိုးဆိုးရွားရွားထိခိုက်စေပါတယ်။ တစ်စတစ်စနဲ့ စားတတ်တဲ့သဘောကြောင့် အသက်ရှူလမ်းကြောင်းကို ပြင်းပြင်းထန်ထန်ထိခိုက်တာ၊ မျက်လုံးယားယံတာနဲ့ အရေပြားအပူလောင်တာတွေဖြစ်လာနိုင်ပါတယ်”
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်