Soldiers stand guard as they block a road near a prison in Naypyidaw on February 15, 2021, after the military seized power in a coup two weeks ago. (Photo by STR / AFP) (AFP / Str)

၁၈ နှစ်ပြည့်သူတိုင်းစစ်မှုထမ်းရမယ်လို့ MRTV-4 မှာ ကြေညာသွားတယ်ဆိုတဲ့အချက်အလက်မှား

မူပိုင် AFP ၂၀၁၇-၂၀၂၃ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလအတွင်း တပ်မတော်အာဏာရယူပြီးနောက်ပိုင်း ဆန္ဒပြသူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် ပြင်းပြင်းထန်ထန်ဖြိုခွင်းနှိမ်နင်းမှုတွေဆက်လက်ဖြစ်ပေါ်နေစဉ်မှာ MRTV-4 ကနေ အသက် ၁၈ နဲ့အထက် မည်သူမဆို စစ်မှုထမ်းရမယ်လို့ကြေညာသွားတယ်ဆိုပြီး ပြောဆိုထားတဲ့ပို့စ်တွေ Facebook ပေါ်မှာ ပျံ့နှံ့လျက်ရှိပါတယ်။ ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာဖြစ်ပြီး MRTV-4 အနေနဲ့ ၂၀၂၁ ခုနှစ်၊ မေလ ၂၀ ရက်အထိ အဲဒီလို ထုတ်ပြန်ကြေညာခဲ့တာမျိုး မရှိသေးပါဘူး။

အဲဒီအဆိုကို အဖွဲ့ဝင် ၄,၀၀၀ ကျော်ရှိပြီး “နွေဦးတော်လှန်ရေး” လို့နာမည်ပေးထားတဲ့ Facebook group တစ်ခုရဲ့ ဒီလင့်ခ်မှာ ၂၀၂၁ ခုနှစ်၊ မေလ ၁၁ ရက်တုန်းကတင်ထားတာတွေ့ရပါတယ်။

 

(နားလည်မှုလွဲစေတဲ့ပို့စ်ကို ၂၀၂၁ ခုနှစ်၊ မေလ ၁၃ ရက်တုန်းက ရယူထားတဲ့ screenshot)

 

“MRTV 4 Myanmar #New
........တပ်မတော်သတင်ထုတ်ပြန်ချက်......... 11.5.21
၁၂နာရီ သတင်
  ပြည့်တွင်း ပြည်ပ မြန်မာနိုင်ငံသား အားလုံး
စစ်မှုမထမ်း မနေရ အမိန့်ထုပ်ပြန်ချက် 
၁၈နှစ်ပြည့်သူတိုင် မြန်မာ့တပ်မတော် စစ်မှုထမ်းစနစ်ထုပ်ပြန်လိုက်ပါတယ် 
#မှတ်ချက်.....
 ပြည်တွင်းလက်နက်ကိုင် အကြမ်းဖက်တိုင်ရင်းသားအားလုံး ခြေမှုန်းရန်နှင့် ပြည်ထောင်စု ဖက်ထရယ် ဒီမိုကေရစီး စနစ် အပြန်ဆုံးထအကောင်ထည်ဖော်သွားရန် စစ်ကောင်စီးက ကြော်ငြာသွားပါတယ်” (မူရင်းရေးသားမှုအတိုင်း)

MRTV-4 ကို အစိုးရရုပ်သံ MRTV နဲ့ Forever Group တို့က ပူးပေါင်းထုတ်လွှင့်နေတာဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနအောက်မှာ ရှိတာဖြစ်ပါတယ်။

အလားတူပို့စ်တွေကို Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ် တွေမှာလည်း တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီအဆိုဟာ မှားယွင်းနေတာပါ။

MRTV-4 ဟာ များသောအားဖြင့် ဖျော်ဖြေရေးအစီအစဉ်တွေကိုပဲ ထုတ်လွှင့်လေ့ရှိပြီး အဲဒီအထဲမှာ လူသိများတဲ့ The Voice နဲ့ MasterChef လို အစီအစဉ်မျိုးတွေလည်း ပါဝင်ပါတယ်။ တပ်မတော်အာဏာရယူပြီး တစ်ရက်အကြာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်ကနေစလို့ MRTV-4 မှာ သတင်းထုတ်လွှင့်တာမျိုးတွေ မရှိတော့ပါဘူး။

MRTV-4 ရဲ့ Facebook page ဟာ တပ်မတော်အာဏာရယူပြီး ၄ ရက်အကြာ ဖေဖော်ဝါရီလ ၄ ရက်နောက်ပိုင်းကစလို့ ဘာပို့စ်မှ တင်ထားတာမရှိတော့ပါဘူး။

သတင်းထုတ်လွှင့်မှုတွေကိုမရပ်တန့်ခင် အရင်ကလည်း ဆိုရှယ်မီဒီယာပေါ်မှာပျံ့နှံ့နေတဲ့ပို့စ်တွေမှာပြောထားသလိုမျိုး MRTV-4 မှာ ၁၂ နာရီသတင်းအစီအစဉ်ဆိုတာ မရှိခဲ့ဖူးပါဘူး။ 

အရင်က MRTV-4 ကနေ ထုတ်လွှင့်တဲ့နေ့စဉ်အစီအစဉ်တွေအရ၊ ဥပမာအားဖြင့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတဲ့ နေ့စဉ်ရုပ်သံအစီအစဉ်အရဆိုရင် သတင်းတွေကို ၀၅း၂၀၊ ဝရး၃၀၊ ၁၃း၀၀ နဲ့ ၂၂း၀၀ နာရီတို့မှာ ထုတ်လွှင့်ခဲ့တာ တွေ့ရပါတယ်။

မြန်မာ့တပ်မတော်ပိုင် တီဗီချန်နယ်ဖြစ်တဲ့ MWD နဲ့ အစိုးရပိုင် MRTV တို့ကို Facebook နဲ့ YouTube တို့က ပိတ်ပင်လိုက်ပြီးနောက်ပိုင်း Telegram ရဲ့ ဒီလင့်ခ်နဲ့ ဒီလင့်ခ်မှာ ပြောင်းလဲတင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ်။ 

၂၀၂၁  ခုနှစ်၊ မေလ ၂၀ ရက်နေ့အထိတော့ MWD မှာရော MRTV မှာပါ စစ်မှုထမ်းဖို့ကိစ္စနဲ့ပတ်သက်လို့ တစ်စုံတရာ ထုတ်ပြန်ကြေညာထားတာမျိုး မရှိသေးပါဘူး။

AFP အနေနဲ့ MRTV-4 ကို ဆက်သွယ်မေးမြန်းထားပေမယ့် တစ်စုံတရာတုံ့ပြန်မှုမရရှိသေးပါဘူး။

Myanmar military coup