၂၀၁၃ ခုနှစ် မိတ္ထီလာအဓိကရုဏ်းက ပုံတွေကို ချင်းပြည်နယ် မင်းတပ်မြို့ကပုံတွေအဖြစ် မှားယွင်းဖော်ပြ

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 20 မေ 2021 အချိန် 07h54
  • အပ်ဒိတ်ရက်စွဲ 21 မေ 2021 အချိန် 07h52
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
၂၀၂၁ ခုနှစ် မေလထဲ မြန်မာတပ်မတော်နဲ့ အာဏာသိမ်းမှုဆန့်ကျင်တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားပြီးတဲ့နောက် မြင်တွေ့ရတဲ့ ချင်းပြည်နယ် မင်းတပ်မြို့လို့ ဆိုထားတဲ့ ဓာတ်ပုံခုနှစ်ပုံကို Facebook ပေါ်မှာ အကြိမ်ရေထောင်ချီ မျှဝေခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီအဆိုဟာ မှားပါတယ်။ တကယ်တော့ ဒီဓာတ်ပုံတွေဟာ ၂၀၁၃ ခုနှစ်ကတည်းက AFP နဲ့ ရိုက်တာသတင်းဌာနတွေက ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံတွေဖြစ်ပြီး ပုံတွေထဲမှာ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကို မြင်တွေ့ရတာ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံတွေကို ၂၀၂၁ ခုနှစ် မေလ ၁၆ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ခဲ့တာဖြစ်ပြီး ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၃,၆၀၀ ကျော် ရှိခဲ့ပါတယ်။

Image
၂၀၂၁ ခုနှစ် မေလ ၁၉ ရက်က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပိုစ့်ရဲ့ Screenshot

ပုံတွေနဲ့အတူ ဖော်ပြခဲ့တဲ့ စာသားကတော့ “လုံးဝ စိတ်မကောင်းဘူး အရမ်းလဲထပ်တူ ကြေကွဲစွာခံစားရတယ်  ချင်းပြည်နယ်(မင်းတပ်) ရယ်  .. ငါတို့ တိုင်းရင်းသား ညီအကိုမောင်နှမ တွေကို ထိရင် ငါတို့ ရင်ထဲထိသလိုပဲ အရမ်းခံစားရတယ်  .. ခဏလေးအားတင်းထားပေးပါ ငါတို့ အားလုံး တပြိုင်ထဲ တချိန်ထဲ ညီညွတ်စွာ ဒီစစ်မိစ္ဆာဘီလူးတွေကို ငါတို့မြေပေါ်က အမြစ်ဖြတ်ချေမှူန်းမဲ့ အချိန် မကြာခင် ရောက်လာတော့မှာပါ.. အရေးတော်ပုံကြီး ငါတို့ နိုင်မှာပါ” ဆိုပြီး ဖြစ်ပါတယ်။

မင်းတပ်မြို့ဟာ မြန်မာနိုင်ငံအရှေ့ပိုင်း ချင်းပြည်နယ်ထဲမှာ ရှိပါတယ်။ ဒီ AFP သတင်းမှာ ဖော်ပြခဲ့သလို မင်းတပ်မြို့မှာ မြန်မာတပ်မတော်နဲ့ အာဏာသိမ်းမှုဆန့်ကျင်တဲ့လက်နက်ကိုင်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

နားလည်မှုလွဲစေနိုင်တဲ့ပို့စ်အောက်မှာ Facebook အသုံးပြုသူတစ်ယောက်က “ပြောစရာစကားတောင် မရှိတော့ပါဘူး မင်းတပ်ရယ်”ဆိုပြီး မှတ်ချက်ရေးသားခဲ့ပါတယ်။

နောက်ထပ်တစ်ဦးကလည်း “ဒီလိုမျိုးတွေ မြင်ရတာ ရင်ထဲ တကယ်မကောင်းဘူး။ ဒီလောက်ထိ ယုတ်မာနေကြပါလား”ဆိုပြီး ရေးသားထားပါတယ်။

ဓာတ်ပုံတွေကို တူညီနဲ့ပြောဆိုမှုတွေနဲ့အတူ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ် နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားတာကို တွေ့ရပါတယ်။

ဒါပေမဲ့ ဒီအဆိုဟာ မှားယွင်းပါတယ်။

Google ပေါ်မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ အဲဒီဓာတ်ပုံတွေဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုမတိုင်ခင် လွန်ခဲ့တဲ့ ၈ နှစ်ကျော်က ဓာတ်ပုံအဟောင်းတွေ ဖြစ်နေတာ တွေ့ရပါတယ်။ အဲဒီဓာတ်ပုံတွေဟာ ၂၀၁၃ ခုနှစ်က မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးအဓိကရုဏ်းကို ဖော်ပြနေတာ ဖြစ်ပါတယ်။

အဲဒီဓာတ်ပုံတွေကို AFP နဲ့ ရိုက်တာသတင်းဌာနတွေကနေ ရိုက်ကူး ဖော်ပြခဲ့တာပါ။

၂၀၁၃ ခုနှစ်က မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအကြောင်းကို AFP ရဲ့ ဒီသတင်းမှာ ဖတ်ရှုနိုင်ပါတယ်။

ပထမနဲ့ ဒုတိယဓာတ်ပုံတွေကို ဓာတ်ပုံရာဇာဝင်ရှာကြည့်တဲ့အခါ AFP သတင်းဌာနက ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်က ဖော်ပြခဲ့တာတွေ့ရပါတယ်။

Image
AFP သတင်းဓာတ်ပုံတွေကို ၂၀၂၁ ခုနှစ် မေလ ၁၉ ရက်က ရိုက်ယူခဲ့တဲ့ Screenshot

ဓာတ်ပုံတွေထဲမှာ ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်နေ့က အဓိကရုဏ်းဖြစ်ပွားခဲ့တဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့က ဒေသခံတွေကို မြင်တွေ့ရတာ ဖြစ်တယ်လို့ ဓာတ်ပုံနှစ်ပုံစလုံးရဲ့ ပုံစာတွေက ဆိုပါတယ်။

ဓာတ်ပုံနှစ်ပုံစလုံးရဲ့ ဖော်ပြချက်တွေမှာ “မြန်မာနိုင်ငံအလယ်ပိုင်း အဓိကရုဏ်းတွင် လူအနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက မတ်လ ၂၁ ရက်တွင် ပြောဆိုသည်။ ယင်းမှာ ယခင်နှစ် ဗုဒ္ဓဘာသာနှင့် မူဆလင်များအကြား ပဋိပက္ခများဖြစ်ပွားပြီးနောက်ပိုင်း အဆိုးရွားဆုံး လူမျိုးရေးမငြိမ်မသက်မှုအဖြစ် နိုင်ငံတကာ၏ စိုးရိမ်မှု မြင့်တက်စေခဲ့သည်။ AFP ဓာတ်ပုံ/ စိုးသန်းဝင်း” လို့ ရေးထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ AFP ဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

တတိယမြောက်ပုံကနေ သတ္တမပုံတွေအထိ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါမှာလည်း အဲဒီဓာတ်ပုံတွေကို ရိုက်တာသတင်းဌာနက ၂၀၁၃ ခုနှစ် မတ်လ ၂၁ ရက်မှာ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ ဓာတ်ပုံတွေကို ရိုက်တာသတင်းဌာနဝဘ်ဆိုက်ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့နိုင်ပါတယ်။

ဓာတ်ပုံတွေက ၂၀၁၃ ခုနှစ်က မိတ္ထီလာမြို့မှာ ဖြစ်ပွားခဲ့တဲ့အဓိကရုဏ်းဖြစ်စဉ်အတွင်း မီးလောင်နေတဲ့ အဆောက်အအုံတွေကို ပြသနေပါတယ်။

ပုံနဲ့အတူ ဖော်ပြခဲ့တဲ့စာမှာ “မြန်မာနိုင်ငံအလယ်ပိုင်းက (မိတ္ထီလာ)မြို့တွင် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအပါအဝင် လူဆယ်ဦးသေဆုံးပြီး အနည်းဆုံး ၂၀ ခန့် ဒဏ်ရာရရှိခဲ့သည့် တိုက်ခိုက်မှုများဖြစ်ပွားပြီးနောက် ညမထွက်ရအမိန့်ကို ကြာသပတေးနေ့က ဒုတိယမြောက်ညအဖြစ် ထုတ်ပြန်ထားကြောင်း အာဏာပိုင်များက ပြောသည်။ ရန်ကုန်မြို့မှ မြောက်ဘက် ၅၄၀ ကီလိုမီတာ (၃၃၆ မိုင်)အကွာ မိတ္ထီလာမြို့တွင် ဗုဒ္ဓဘာသာစုံတွဲနှင့် မူဆလင်ရွှေဆိုင်ပိုင်ရှင်တို့အကြား ဖြစ်ပွားသည့် အငြင်းပွားမှုကြောင့် လူရာချီပါဝင်သော အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း ရဲက ပြောသည်။ ရိုက်တာ/စိုးဇေယျထွန်း” လို့ ရေးထားပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ရိုက်တာဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

Image
Image
နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ရိုက်တာဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot

 

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ