စစ်သင်တန်းတက်နေတဲ့ မြန်မာတက်ကြွလှုပ်ရှားသူ ‘Gen-Z’ လူငယ်တွေလို့ ဆိုထားတဲ့ ဗီဒီယိုအမှား
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 14 မေ 2021 အချိန် 05h53
- အပ်ဒိတ်ရက်စွဲ 14 မေ 2021 အချိန် 07h56
- ဖတ်ရန် ကြာချိန် 1 မိနစ်
- AFP ထိုင်း
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
ဒီဗီဒီယိုကို ၂၀၂၁ ခုနှစ်၊ မေလ ၁၀ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ကြည့်ရှုတဲ့အကြိမ်ရေ ၁၈၀,၀၀၀ ကျော်ရှိပါတယ်။
ဗီဒီယိုနဲ့အတူတင်ထားတဲ့စာသားကတော့ “Gen-Z လေးတွေရဲ့ ဒုတိယအသုတ် စစ်သင်တန်းဖွင့်ပွဲ ပထမအသုတ်စစ်သင်တန်းဆင်းပြီဆိုတော့ ဒုတိယသုတ်စစ်သင်တန်းစပါပြီ” ဆိုပြီး ဖြစ်ပါတယ်။
“Z မျိုးဆက်” လို့ အဓိပ္ပာယ်ရတဲ့ “Gen-Z” ဆိုတာ ဖေဖော်ဝါရီလတုန်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဒီမိုကရေစီအရေးလှုပ်ရှားသူ မြန်မာလူငယ်တွေကို ရည်ညွှန်းတာဖြစ်ပါတယ်။
၂၀၂၁ ခုနှစ် မေလ ၁၀ ရက်က AFP ရဲ့ ဒီသတင်းမှာ ဖော်ပြခဲ့သလို မြန်မာနိုင်ငံက ဆန္ဒပြပွဲတွေကို စစ်အစိုးရက ဖြိုခွင်းခဲ့တဲ့အတွက် အရပ်သား ၇၇၀ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။
တက်ကြွလှုပ်ရှားသူလူငယ်တစ်ချို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ ခိုလှုံပြီး စစ်သင်တန်းတွေ တက်ရောက်ခဲ့တဲ့ သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်းမှာ အခုလိုနားလည်မှုလွဲစေနိုင်တဲ့ပို့စ်တွေ အွန်လိုင်းပေါ် ပျံ့နှံ့လာတာပါ။ အဲဒီလူငယ်တွေရဲ့အကြောင်းကို ရိုက်တာသတင်းဌာနက ဒီသတင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
အလားတူပြောဆိုမှုတွေနဲ့အတူ နားလည်မှုလွဲစေတဲ့ဗီဒီယိုကို Facebook ပေါ်က ဒီလင့်ခ်မှာလည်း ပြန်လည် မျှဝေခဲ့ပါတယ်။
အဓိကကျတဲ့ သော့ချက်စကားလုံး (keywords) တွေ အသုံးပြုပြီး Google ပေါ် ရှာဖွေကြည့်တဲ့အခါ ပိုရှည်တဲ့မူရင်းဗီဒီယိုကို မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုမဖြစ်ခင် တစ်နှစ်အလို ၂၀၂၀ ပြည့်နှစ်၊ မေလကတည်းက YouTube ရဲ့ ဒီလင့်ခ်မှာ တင်ထားတာ တွေ့ရပါတယ်။
အဲဒီဗီဒီယိုဟာ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ရဲ့ ၂၀၁၇ ခုနှစ် စက်တင်ဘာလက စစ်သင်တန်းအကြောင်း ရိုက်ကူးထားတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဗီဒီယိုနဲ့အတူတွဲတင်ထားတဲ့စာကတော့ “KNLA သင်တန်း (စက်တင်ဘာ၊ ၂၀၁၇)” ဖြစ်ပါတယ်။
ဒီဗီဒီယိုကို မြန်မာနိုင်ငံမှာ အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ဆက်နွှယ်တဲ့ YouTube Channel တစ်ခုမှာ တင်ခဲ့တာပါ။ KNLA ကတော့ KNU ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပါတယ်။
အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်တွေပါ ဗီဒီယို (ဘယ်) နဲ့ မူရင်း KNU Channel ရဲ့ ဗီဒီယို (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။
ဗီဒီယိုထဲမှာ KNLA စစ်သားတွေ လေ့ကျင့်ရေးကွင်းထဲ ရပ်နေတာ တွေ့ရပါတယ်။ သင်တန်းနဲ့ပတ်သက်ပြီး သင်တန်းခေါင်းဆောင်က ကရင်ဘာသာစကားနဲ့ ရှင်းပြနေတာလည်း ကြားနိုင်ပါတယ်။
နားလည်မှုလွဲစေတဲ့ပို့စ်တွေမှာ တင်ခဲ့တဲ့ ဗီဒီယိုမှာတော့ အရာရှိရဲ့အင်တာဗျူး ဆွေးနွေးချက်အပိုင်းတွေကို ဖယ်ရှားခဲ့တာ တွေ့ရပါတယ်။
KNU ရဲ့ နိုင်ငံခြားရေးရာဌာနအကြီးအကဲ ပဒိုစောတော်နီးက မူရင်းဗီဒီယိုဖိုင်ဟာ KNU က တရားဝင်ထုတ်ပြန်ခဲ့တဲ့ ဗီဒီယိုဖြစ်တယ်လို့ AFP ကို အတည်ပြုပါတယ်။
“ဒီဗီဒီယိုက ၂၀၁၇ ခုနှစ်က စစ်အရာရှိသင်တန်းဖြစ်ပြီး KNU ရဲ့ သတင်းအချက်အလက်ဌာန ‘သူးလေသတင်းစဉ်’ကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်” လို့ ပဒိုစောတော်နီးက ပြောပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်