ဒီဓာတ်ပုံဟာ စစ်တပ်ထောက်ခံပွဲကမဟုတ်ဘဲ အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲက ပုံသာဖြစ်

  • ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
  • ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 14 ဖေဖော်ဝါရီ 2022 အချိန် 12h03
  • ဖတ်ရန် ကြာချိန် 2 မိနစ်
  • AFP ထိုင်း
စစ်တပ်အာဏာသိမ်းတစ်နှစ်ပြည့်မှာ ပြုလုပ်ခဲ့တဲ့ တပ်မတော်ထောက်ခံပွဲက တက္ကသိုလ်ကျောင်းသားတွေရဲ့ ဓာတ်ပုံဆိုပြီး ဆိုင်းဘုတ်စာတန်းတွေကိုင်ဆောင်ထားတဲ့ လူတစ်စုရဲ့ဓာတ်ပုံကို Facebook ပေါ်မှာအကြိမ်ရေ ရာနဲ့ချီပြန်လည် မျှဝေနေကြပါတယ်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံအချို့နေရာတွေမှာ တပ်မတော်ထောက်ခံပွဲတွေရှိခဲ့တဲ့နောက်မှာ ဒီဓာတ်ပုံကိုမျှဝေလာကြတာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဓာတ်ပုံကို အချက်အလက်မှားတွေနဲ့ ပြန်လည်ဖော်ပြနေကြတာဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့တက္ကသိုလ်ကျောင်းသားတွေရဲ့ ဓာတ်ပုံသာဖြစ်ပါတယ်။

ဒီဓာတ်ပုံကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က Facebook ဒီလင့်ခ်မှာ မျှဝေထားပြီး ပြန်လည်မျှဝေတဲ့ အကြိမ်ရေ ၃၀၀ ကျော်ရှိနေပါတယ်။

“နည်းပညာတက္ကသိုလ် (မုံရွာ)” လို့ပါတဲ့ စာတမ်းကိုကိုင်ဆောင်ထားပြီး ဆောက်လုပ်ရေးသုံးဦးထုပ်ဆောင်းထားတဲ့ လူတစ်စုကို ဒီဓာတ်ပုံမှာတွေ့ရပါတယ်။

ပို့စ်ပါစာသားကိုလည်း အခုလိုပဲတွေ့ရပါတယ်။

“မုံရွာနည်းပညာတက္ကသိုလ်မှကျောင်းသား/ကျောင်းသူများ တပ်မတော်ထောက်ခံပွဲတွင်ပဲဝင်ဆင်နွဲ” (မူလသတ်ပုံအတိုင်း)

Image
၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရယူထားတဲ့ နားလည်မှုလွဲစေတဲ့ပို့စ်ရဲ့ Screenshot

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ကို စစ်တပ်ကဖြုတ်ချအာဏာသိမ်းယူခဲ့တဲ့ တစ်နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ဒီအာဏာသိမ်းမှုနောက်ပိုင်းမှာ ကျောင်းသားတွေအများအပြားဦးဆောင်ပါဝင်တဲ့ ကြီးမားတဲ့လူထုဆန္ဒပြပွဲတွေရှိခဲ့ပြီး စစ်တပ်ကပြင်းပြင်းထန်ထန်အင်အားသုံး နှိမ်နှင်းမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

ဒီနှစ်ပတ်လည်နေ့မှာ စစ်တပ်ထောက်ခံသူတွေက လမ်းပေါ်ထွက်ကာ တပ်မတော်ထောက်ခံပွဲတွေပြုလုပ်ခဲ့သလို ဒီမိုကရေစီလိုလားသူ ပြည်သူတွေကလည်း အသံတိတ်သပိတ်ကို ဆင်နွှဲဆန္ဒပြခဲ့ကြပါတယ်။

AFP ကဒီအကြောင်းအရာကို ဒီလင့်ခ်မှာ တင်ပြထားပါတယ်။

တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ရဲ့ ဒီလင့်ခ်ဒီလင်ခ့်နဲ့ ဒီလင့်ခ်တွေမှာ ပြန်လည်မျှဝေထားပါတယ်။

ဒါပေမဲ့ ဒီဓာတ်ပုံကို အချက်အလက်မှားယွင်းဖော်ပြထားတာဖြစ်ပါတယ်။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက ဒီဓာတ်ပုံကို ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အာဏာသိမ်းဆန့်ကျင်ဆန္ဒပြပွဲတစ်ခုမှာ မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသားတွေပါဝင်ခဲ့တဲ့ အကြောင်းဖော်ပြထားတဲ့ tweet တစ်ခုမှာမျှဝေထားတာ တွေ့ရပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Twitter ပို့စ်ကဓာတ်ပုံ (ညာ) နဲ့ နှိုင်းယှဥ်ပြထားတာကို တွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) နဲ့ Twitter ပို့စ်ကဓာတ်ပုံ (ညာ)

အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး အစပိုင်းရက်တွေမှာ ထောင်နဲ့ချီတဲ့ပြည်သူတွေက စစ်တပ်ဆန့်ကျင်ဆန္ဒပြပွဲတွေကို မြို့ကြီး အတော်များများမှာ ပြုလုပ်ခဲ့ကြပါတယ်။

AFP က ဒီအကြောင်းအရာကို ဒီလင့်ခ်မှာ တင်ပြထားပါတယ်။

မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ကလည်း တက္ကသိုလ်ရဲ့ကျောင်းသားဟောင်းတွေ ဆန္ဒပြပွဲမှာပါဝင်ခဲ့တာကို တစ်နေ့ထဲမှာပဲ သူတို့ရဲ့ Facebook စာမျက်နှာမှာ ဂုဏ်ပြုဖော်ပြထားပါတယ်။

“စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြလျက်ရှိသော
နည်းပညာတက္ကသိုလ်(မုံရွာ)မှ ကျောင်းသား ကျောင်းသူဟောင်း အင်ဂျင်နီယာများ
လေးစားစွာဖြင့်
နည်းပညာတက္ကသိုလ်(မုံရွာ)ကျောင်းသားများသမဂ္ဂ” (မူရင်းသတ်ပုံအတိုင်း) ဆိုပြီးဖော်ပြထားပါတယ်။

အောက်မှာနားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို ၂၀၂၁ ခုနှစ်က မုံရွာကျောင်းသားသမဂ္ဂပိုစ့်ရဲဓာတ်ပုံ (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

Image
နားလည်မှုလွဲစေတဲ့ပို့စ်ကဓာတ်ပုံ (ဘယ်) ကို ၂၀၂၁ ခုနှစ်က မုံရွာကျောင်းသားသမဂ္ဂပိုစ့်ရဲဓာတ်ပုံ (ညာ) နဲ့နှိုင်းယှဥ်ထားတဲ့ Screenshot

AFP က မုံရွာနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ကို ဒီဓာတ်ပုံနဲ့ပတ်သက်ပြီး ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ ဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ရိုက်ကူးခဲ့တယ်လို့သိရပါတယ်။

“ဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့က ရန်ကုန်မြို့မှာ ရိုက်ယူခဲ့ပါတယ်။ အဲဒီတုန်းက အင်ဂျင်နီယာစစ်ကြောင်းဆိုပြီး ရန်ကုန်မှာနိုင်ငံအနှံ့ကTU (Technological University) ကျောင်းသား တွေစုထွက်ကြတယ်ဗျ အဲဒီစစ်ကြောင်းထဲကနည်းပညာတက္ကသိုလ်(မုံရွာ)ကျောင်းသားဟောင်းများဆိုတဲ့ စစ်ကြောင်းတစ်ခုပါ။ အာဏာစသိမ်းခါစလူထုတွေလမ်းပေါ်မှာ တက်တက်ကြွကြွပါဝင်ခဲ့တုန်းကပုံတွေကို အခုလက်ရှိသူတို့ကိုထောက်ခံပါတယ်ဆိုပြီး အသုံးချနေတာကသူတို့ရဲ့အရှက်မရှိမှုကိုပြတယ်ဗျ။” ဆိုပြီး မုံရွာနည်းပညာသက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ AFP ကိုပြောခဲ့ပါတယ်။

AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။

ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

ဆက်စပ်ဆောင်းပါးများ