
၂၀၂၂ ခုနှစ် လှိုင်သာယာမှာဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုက ဓာတ်ပုံမဟုတ်
- ဤဆောင်းပါးသည် သက်တမ်းတစ်နှစ်ကျော် ရှိနေပြီဖြစ်သည်။
- ပုံနှိပ်ဖော်ပြသည့်နေ့စွဲ 14 ဖေဖော်ဝါရီ 2022 အချိန် 04h16
- ဖတ်ရန် ကြာချိန် 2 မိနစ်
- AFP Thailand
AFP © မူပိုင်ခွင့် ၂၀၁၇-၂၀၂၅။ ဤစာမူကို စီးပွားဖြစ် အသုံးပြုမည်ဆိုပါက လစဉ်/နှစ်စဉ်ကြေး ပေးသွင်းရန် လိုအပ်ပါသည်။ ပိုမိုသိရှိရန် ဤနေရာကို နှိပ်ပါ။
“လှိုင်သာယာ EPCရုံး သိပ်လှ
မီတာခ တိုးကောက်ပါအုံး၊ မီးတွေဖြတ်ပါအုံး
အုံး အုံး လုပ်တော့ ဝုန်းလိုက်ပြီ
အရေးတော်ပုံ မုချအောင်မြင်ရမည်” (မူလသတ်ပုံအတိုင်း) ဆိုပြီး ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်နေ့မှာမျှဝေထားတဲ့ ဒီပို့စ်မှာရေးသားထားပါတယ်။
လှိုင်သာယာမြို့နယ်ဟာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အကြီးမားဆုံးမြို့ကြီးတစ်ခုဖြစ်တဲ့ ရန်ကုန်မြို့မှာ တည်ရှိပါတယ်။
EPC ဆိုတာက လျှပ်စစ်ဝန်ကြီးဌာနရဲ့နာမည်ဟောင်းဖြစ်တဲ့ လျှပ်စစ်စွမ်းအင်ကော်ပိုရေးရှင်း (Electricity Power Corporation) ကိုဆိုလိုတာဖြစ်ပါတယ်။

HYT Information လို့ခေါ်တဲ့ Facebook စာမျက်နှာတစ်ခုက ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်နေ့မှာ စစ်တပ်ဆန့်ကျင်ရေးတပ်ဖွဲ့တွေ လှိုင်သာယာမှာရှိတဲ့ EPC ရုံးနှစ်ရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ တင်ပြခဲ့တဲ့နောက်မှာ လမ်းမကြီးတစ်ပေါ်မှာ မီးခိုးမှိုင်းတွေပြည့်နှက်နေတဲ့ ဒီဓာတ်ပုံပျံ့နှံ့လာတာဖြစ်ပါတယ်။
AFP အနေနဲ့ ဒီသတင်းမှန်မမှန် တပ်အပ်မပြောနိုင်တဲ့အပြင် အခြားမီဒီယာတွေမှာ ဖော်ပြထားတာမျိုးလည်းမရှိပါဘူး။
စစ်တပ်က အာဏာဆန့်ကျင်တဲ့အနေနဲ့ လျှပ်စီးမီးခွန်မဆောင်သူတွေကို လျှပ်စစ်ဖြတ်တောက်မှုတွေပြုလုပ်မယ်ဆိုတဲ့ခြိမ်းခြောက်မှုတွေရှိခဲ့တဲ့နောက်မှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ EPC ရုံးတွေဟာ အာဏာသိမ်းဆန့်ကျင်တိုက်ခိုက်ရေးအဖွဲ့တွေရဲ့ ပစ်မှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။
တူညီတဲ့ပြောဆိုမှုနဲ့ ဒီဓာတ်ပုံကို Facebook ဒီလင့်ခ်၊ ဒီလင့်ခ်၊ ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း မျှဝေထားပါတယ်။
ဒါပေမဲ့ ဒီဓာတ်ပုံဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက တိုက်ခိုက်မှုရဲ့ဓာတ်ပုံမဟုတ်ပါဘူး။
Google မှာဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံကို စစ်တပ်အာဏာသိမ်းပြီး ရက်သတ္တပတ်သိပ်မကြာသေးတဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့မှာ ဖော်ပြထားတဲ့ ဒီဆောင်ပါးမှာ ပူးတွဲတင်ပြထားတာကို AFP ကတွေ့ရှိခဲ့ပါတယ်။
“တပ်နှင့် ရဲ ပစ်ခတ်မှုကြောင့် ယနေ့ သေဆုံးသူ အနည်းဆုံး ၁၀ဦးရှိ” ဆိုပြီး ၂၀၂၁ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ရက်စွဲပါ ဒီဆောင်းပါးရဲ့ခေါင်းစဥ်မှာ တွေ့ရပါတယ်။
ဒီဆောင်းပါးရဲ့ ပထမဆုံးစာပိုဒ်နှစ်ပိုဒ်ကိုတော့ အောက်ကအတိုင်းရေးသားထားပါတယ်။
“ယနေ့ နိုင်ငံတဝှမ်း ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြ သပိတ်စစ်ကြောင်းများကို ရဲနှင့်စစ်တပ်က ပစ်ခတ်ဖြိုခွင်းရာ တနေ့တည်းတွင် ၁၀ ဦးကျော် သေဆုံးပြီး ဒဏ်ရာရသူ အများအပြား ရှိခဲ့သည်။” ဆိုပြီးဆောင်းပါးထဲမှာ ရေးသားထားပါတယ်။”
“ယနေ့ (မတ်လ ၁၄ ရက်) နေ့လယ် ၁၂ နာရီခွဲလောက်မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ် ၁ ထိပ်၊ ၃ ထိပ်၊ ၅ ထိပ်ရှိ သပိတ်စခန်းများကို ရဲနှင့်စစ်တပ်က အင်အားအလုံးအရင်းဖြင့် အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခဲ့ရာ ညနေ ၆ နာရီခန့်အထိ ၄ ဦး သေဆုံးခဲ့ပြီး အယောက် ၃၀ ကျော် ဒဏ်ရာရရှိထားကြောင်း သိရသည်။”
ဓာတ်ပုံနဲ့အတူစာသားကိုတော့ “လှိုင်သာယာဘက်ခြမ်းရှိ သပိတ်စခန်းမှ အတားအဆီးများ မီးလောင်နေစဉ်(ဓာတ်ပုံ- CJ)” ဆိုပြီးဖော်ပြထားပါတယ်။
အောက်မှာနားလည်မှုလွဲစေတဲ့ ပို့စ်ကဓာတ်ပုံ (ဘယ်) ကို Irrawaddy ဆောင်းပါးကဓာတ်ပုံ (ညာ) နဲ့နှိုင်းယှဥ်ပြထားတဲ့ Screenshot ကိုတွေ့နိုင်ပါတယ်။

၂၀၂၁ခုနှစ်၊ မတ်လ ၁၄ ရက်နေ့က လှိုင်သာယာမှာ ဖြစ်ပွားခဲ့တဲ့ဆန္ဒပြပွဲမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့များရဲ့ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၁၅ ယောက်သေဆုံးခဲ့တယ်လို့ ဆရာဝန်တစ်ဦးက AFP ကို ပြောခဲ့ပါတယ်။
လှိုင်သာယာမှာရှိတဲ့ EPC ရုံးနှစ်ရုံးကိုတော့ Google Maps ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာ တွေ့ရပြီး နားလည်မှုလွဲစေတဲ့ ပိုစ့်မှာတွေ့ရတဲ့ အဆောက်အအုံရဲ့ အနောက်တောင်ပိုင်း ၃.၅ ကီလိုမီတာအကွာမှာ တည်ရှိပါတယ်။
AFP အား အချက်အလက်စိစစ်စေလိုသည့်အကြောင်းအရာ သင့်ထံမှာ ရှိပါသလား။
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်