ရုရှားရဟတ်ယာဉ်ပျက်ကျပုံကို မြန်မာစစ်တပ်ရဟတ်ယာဉ်ပျက်ကျတာလို့ဆိုထားတဲ့ဓာတ်ပုံမှား

မူပိုင် AFP ၂၀၁၇-၂၀၂၁ ပိုင်ခွင့်အားလုံး လက်ဝယ်ရှိထားပြီး၊

၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်က ပျက်ကျခဲ့တဲ့မြန်မာစစ်ဘက်ရဟတ်ယာဉ်လို့ဆိုထားတဲ့ဓာတ်ပုံတစ်ပုံကို Facebook က ပို့စ်ပေါင်းများစွာမှာ အကြိမ်ရေထောင်နဲ့ချီ ပြန်လည်မျှဝေထားကြပါတယ်။ မြန်မာစစ်တပ်ရဲ့ ရဟတ်ယာဉ်တစ်စီးကို ပစ်ချလိုက်ကြောင်း KIA အဖွဲ့က ထုတ်ပြန်လိုက်ပြီးနောက်တစ်ရက် အွန်လိုင်းမှာ အခုလိုဓာတ်ပုံ ပျံ့နှံ့လာတာပါ။ ဒီအဆိုဟာ မှားယွင်းနေပြီး တကယ်တော့ ဒီဓာတ်ပုံဟာ ၂၀၁၅ ခုနှစ်တုန်းက ရုရှားနိုင်ငံအနောက်ပိုင်း လေကြောင်းပြပွဲတစ်ခုမှာ ပျက်ကျခဲ့တဲ့ ရုရှားရဟတ်ယာဉ်တစ်စီးရဲ့ ပုံရိပ်ဖြစ်ပါတယ်။

ဒီဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ မေလ ၄ ရက်က Facebook ရဲ့ ဒီလင့်ခ်မှာ တင်ထားတာဖြစ်ပြီး ပြန်လည်မျှဝေတဲ့အကြိမ်ရေ ၁၉၀၀ ကျော် ရှိခဲ့ပါတယ်။

အဲဒီပို့စ်ပါ စာသားတချို့ကတော့ အခုလိုပါ။ 

“မုဆိုးမ တွေတော့ဖြစ်ကုန်ပြန်ပါပြီ။
..
ယခု ညနေ ပုဇင်းတစ်ကောင် မြေပေါ်ထပ်ဆင်း၊ 
ဒေါ့ဖုန်းယန် အနောက်
ပုဇင်း နောက်တစ်ကောင်
လယ်ကွင်းထဲ ထယ်ဆင်းထိုး(4/5/2021-4:27PM).” (မူရင်းသတ်ပုံအတိုင်း)

နားလည်မှုလွဲစေတဲ့ Facebook ပို့စ်ကို ၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်က ရယူထားတဲ့ screenshot

ဒေါ့ဖုန်းယန်ဟာ မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်မှာရှိတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်တုန်းက စစ်ရဟတ်ယာဉ်တစ်စီးကို ပစ်ချလိုက်တယ်လို့ကြေညာပြီးတစ်ရက်အကြာမှာ ဒီဓာတ်ပုံက အွန်လိုင်းပေါ် ပျံ့နှံ့လာတာပါ။ KIA ထုတ်ပြန်လိုက်တာနဲ့ပတ်သက်ပြီး AFP သတင်းတစ်ပုဒ်ကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KIA ကို လွန်ခဲ့တဲ့သီတင်းပတ်တွေကစလို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေတာဖြစ်ပါတယ်။

အဲဒီဓာတ်ပုံကို တူညီတဲ့ပြောဆိုမှုတွေနဲ့ Facebook ရဲ့ ဒီလင့်ခ်ဒီလင့်ခ်ဒီလင့်ခ်နဲ့ ဒီလင့်ခ်တွေမှာလည်း တင်ထားပါသေးတယ်။

ဒါပေမယ့် ဒီပြောဆိုမှုတွေဟာ မှားယွင်းနေတာပါ။

Google မှာ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ ဒီဓာတ်ပုံဟာ ရုရှားနိုင်ငံက လေကြောင်းပြပွဲတစ်ခုမှာ ရဟတ်ယာဉ်တစ်စီးပျက်ကျတဲ့သတင်းတွေနဲ့အတူ ၂၀၁၅ ခုနှစ်၊ သြဂုတ်လကတည်းက အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေခဲ့တာ တွေ့ရပါတယ်။ 

ဒီဓာတ်ပုံကို ရိုက်တာသတင်းဌာနရဲ့ ဒီလင့်ခ်မှာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တုန်းက တင်ထားတာ တွေ့ရပါတယ်။

ရိုက်တာသတင်းရဲ့ဓာတ်ပုံကို ၂၀၂၁ ခုနှစ်၊ မေလ ၆ ရက်က ရယူထားတဲ့ screenshot

ဓာတ်ပုံနဲ့အတူ ပူးတွဲပါတဲ့စာသားတချို့က အခုလိုဖြစ်ပါတယ်။ “၂၀၁၅ ခုနှစ်၊ သြဂုတ်လ ၂ ရက်က ရုရှားနိုင်ငံ၊ Ryazan မြို့အနီး Dubrovichi အရပ်တွင် “Aviadarts” အမည်ရှိ စစ်ဘက်ဆိုင်ရာလေကြောင်းပြိုင်ပွဲပြုလုပ်စဉ် Berkuty (ရွှေစွန်ရဲများ) ရဟတ်ယာဉ်အသင်းမှ Mi-28N သည် မြေပြင်ပေါ်ဆင်းသက်ချိန်၌ ပြင်းပြင်းထန်ထန်ရိုက်ခတ်မိရာမှ ပျက်ကျခဲ့သည်။ ပျက်ကျသည့် ရဟတ်ယာဉ်အနီးတွင် ပိုင်းလော့ကို တွေ့မြင်ရခြင်းဖြစ်သည်။ အမြီးပိုင်းမှ ပန်ကာချို့ယွင်းမှုကြောင့် ရဟတ်ယာဉ်မှာ အောက်သို့ထိုးဆင်းပျက်ကျခဲ့ပြီး ပိုင်းလော့နှစ်ဦးအနက် တစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါပြိုင်ပွဲသို့ရောက်ရှိနေသည့် ရိုက်တာဓာတ်ပုံသမားနှင့် တာဝန်ရှိသူများ၏ ပြောဆိုမှုအရ သိရသည်”

ရုရှားရဟတ်ယာဉ်ပျက်ကျတဲ့အကြောင်း ရေးသားထားတဲ့ AFP သတင်းကို ဒီလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

အောက်မှာ နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ရိုက်တာဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot ဖြစ်ပါတယ်။

နားလည်မှုလွဲစေတဲ့ပို့စ်ပါဓာတ်ပုံ (ဘယ်) နဲ့ ရိုက်တာဓာတ်ပုံ (ညာ) တို့ကို နှိုင်းယှဉ်ပြထားတဲ့ screenshot
MYANMAR MILITARY COUP